USB Devices တွေရဲ့ Write Protection ကို ဖြေရှင်းခြင်း

Welcome to Kachinboy blog
 
                                                                  အားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော် ဒီပို့စ်လေးကို ရေးဖို့ စဉ်းစားနေတာတော့           ကြာပါပြီ။ အလုပ်တွေနဲ့ မအားလပ်လို့ မရေးဖြစ်ခဲ့တာပါ။ အခုတော့ မိတ်ဆွေ တွေက မကြာခဏ မေးမြန်းလာကြလို့ ရေးလိုက် တာပါ။ USB Devices (USB Pen Drive, Flash Drive, Memory Card . etc) တွေဟာ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ Floppy Disk တွေလို physically အရ write protection လုပ်လို့မရပါဘူး။ အခု အပေါ်မှာ ပြထားတဲ့ ပုံတွေလို ဖြစ်တာဟာ Virus တစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အောက်က အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ကြပါ..။


၁။ Start မှ Run ကိုသွားပါ။ box ထဲမှာ regedit လို့ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ အောက်ကပုံလို Registry Editor ပေါ်လာပါလိမ့်မယ်။

၂။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies အဆင့်ဆင့် သွားပါ။ Control အောက်မှာ StorageDevicePolicies ဆိုတာမရှိရင် အဲဒီ Key ကို ထည့်ပေးဖို့ လိုပါတယ်။ ဒီအဆင့်က အရေးကြီးတဲ့အတွက် သေချာလိုက်လုပ်ဖို့လိုပါတယ်။ နည်းလမ်း(၂)မျိုးနဲ့ အဲဒီ Key ကို ဖန်းတီးလို့ရပါတယ်။

* ပထမနည်းကတော့ အထက်ပါအတိုင်း အဆင့်ဆင့်သွားပြီး Control ကိုကလစ်လိုက်ရင် ညာဖက် အကွက်မှာ Key တွေ ပေါ်လာပါလိမ့်မယ်။ အဲဒါတွေရဲ့ အောက်ဖက် လွတ်တဲ့နေရာမှာ Right-click လုပ်၊ New--> Key ကိုကလစ်လိုက်ရင် ဘယ်ဘက်မှာ Folder rename ပုံစံနဲ့တွေ့ပါမယ်။ အဲဒီမှာ Key ရဲ့အမည်ကို StorageDevicePolicies လို့ရိုက်ထည့်ပေးပါ (စာလုံးပေါင်းမှားလို့မရတဲ့အတွက် သေချာဂရုစိုက်ပြီးရိုက်ထည့်ပေးပါ)။ ပြီးရင် enter ခေါက်လိုက်ပါ။ StorageDevicePolicies ကို ဖန်တီးပြီးသွားပါပြီ။

* ဒုတိယနည်းကတော့ add.bat ဆိုတဲ့ batch ဖိုင်လေးကို ဒီနေရာမှာ ဒေါင်းလုပ်ယူပြီး အဲဒီဖိုင်ကို Double-click လုပ်လိုက်ပါ။ အလိုအလျောက် StorageDevicePolicies ကို ဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မယ်။၃။ အဲဒီဖန်တီးပြီးသွားတဲ့ StorageDevicePolicies ကိုကလစ်လုပ်ပါ။ ညာဘက်အကွက်က လွတ်နေတဲ့ နေရာမှာ Right-click--->New--->DWORD Value အဆင့်ဆင့်သွားပါ။ New Value မှာ WriteProtect လို့ အမည်ပေးလိုက်ပါ။ ၄။ ပြီးရင် အဲဒီ WriteProtect ကို Double-click လုပ်ပြီး သူ့ရဲ့တန်ဖိုးကို "0" လို့ပြောင်းလိုက်ပါ။


၅။ Registry Editor ကိုပိတ်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ..။

Internet ကို ဆိုင်မှာသုံးရင် သတိထား...

အင်တာနက် ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူး သတိထားရမယ့် အချက် တစ်ချက်ရှိ ပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါ နှင့်တော့။
အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။

မတရား စီရင်မှု

 မတရား စီရင်မှု 

စာဖတ်ပရိသတ်များ ခင်ဗျား-

ညီညွတ်ရေး၊ တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြု ရည်ညွှန်းပြီး ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာသော ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း တစ်ဦးရဲ့ ကိုယ်တွေ့ လှုပ်ရှားခဲ့ပုံ ဖြစ်ရပ် တစ်ခုကို စာဖတ် ပရိသတ်များအား တင်ပြ ပေးလိုက် ပါတယ်။ အမှန်တရားကို လိုလားတဲ့ ပြည်သူ့ တပ်မတော်သား အစစ် အမှန်များ အနေနဲ့ ပြည်သူ လူထုဘက်က ရပ်တည်ပြီး တပ်မတော် ဖခင်၊ အမိမြန်မာနိုင်ငံရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး “လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” အား ကယ်တင် စောင့်ရှောက်ကြပါရန်နဲ့ အာဏာရူး စစ်ခေါင်းဆောင် တစ်စုကို ဖယ်ရှား တိုက်ထုတ်ကြပါရန် တပ်လှန့် နှိုးဆော် အပ်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း ညီတိုးငြိမ်းအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျား။
 လုပ်ထားကြပေါ့ဗျာ...ကြောင်ကြာကြာ ရေမငုတ်ပါဘူး...

မျက်လုံးများကို ဖတ်ရှုခြင်း

ဆောင်းပါးရှင် – ညီတိုးငြိမ်း (ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း တစ်ဦး)

မြန်မာနိုင်ငံ၏ တရား စီရင်ရေး စနစ်ကို မျက်မြင် ကိုယ်တွေ့ လေ့လာ သိရှိနိုင်ရန် ယနေ့ ကျနော် အင်းစိန်ထောင်ဗူးဝ ရှိရာသို့ သွားခဲ့သည်။ ပြင်ပ သတင်းများတွင်သာ ကြားသိနေရသော မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ် ယွင်းချော် နေကြောင်း သတင်းများကိုသာ ဖတ်ရှုရပြီး ကိုယ်တွေ့ မမြင်မကြုံ ရသေး သောကြောင့် မယုံနိုင်သေးပေ။ ကမ္ဘာသိ ခေါင်းဆောင် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ ဖြင့် တရားစွဲ ဆိုမည် ဆိုသော သတင်းကြောင့် မြန်မာပြည်တရား စီရင်ရေးအခြေအနေကို ကိုယ်တိုင် သွားရောက် လေ့လာမည်ဟု ဆုံးဖြတ်ပြီး လှည်းတန်းမှ ၄၈ မီနီဘတ်စ်ကားကို စီးကာ အင်းစိန်ဘက်သို့ သွားခဲ့သည်။ စိတ်တွင်းတွင်မတော့ တရားခွင်တွင် ဘယ်သို့ ရှိနေမည်လဲ။ လာရောက်သော လူပရိတ်သတ်ကရော ဘယ်နှစ်ယောက်လောက် ရှိနေမလဲ။ တပ်မတော် အရာရှိ ဟောင်းဖြစ်သည့် ကျနော့်ကိုရော တရားခွင်ထဲထိ ၀င်ခွင့် ပေးပါ့မလား စသည့် အတွေး များစွာဖြင့် အင်းစိန် ဂုံးတံတား အနီးရောက် သောအခါ စပယ်ယာဖြစ်သူ ကွမ်းပလုပ် ပလောင်းဖြင့် ဆဲလိုက်သံ ကြားမှ စိတ်ကူးတို့ ပျောက်ကွယ် လန့်နိုးသွား တော့သည်။
 အားလုံးဟာ တာဝန်ကျေပါတယ်....

“ခွေးမသားတွေ ထစ်ကနဲရှိ ဟိုပိတ် သည်ပိတ်နဲ့ ” ထိုအချိန် ကားဒရိုင်ဘာ ကလည်း သူ့စိတ်တွင်း ရုတ်ခြည်း ပေါ်ပေါက်လာသော မကျေနပ်မှု ဒေါသကို ကားလီဘာကို စောင့်နင်းပြီး စောင့်ထွက် ပြလိုက်ခြင်းဖြင့် သရုပ်ဖေါ်ပြန်သည်။ ဟုတ်သည် လူသွား အင်မတန် စည်ကားလှသည့် အင်းစိန်ဂုံး တံတားကို ဘယ်သူမှ မဖြတ်ရအောင် ပိတ်ထား လိုက်ပါ ပကော။ အင်းစိန်ဂုံး တံတား အတက်တွင် သံဆူးကြိုးတား သစ်သား ဘောင်ကြီးများ ချကာ ပိတ်ဆို့ ထားပြီး ၄င်းတို့ရှေ့တွင် မော်တော်ပီကယ် ၃ ဦး နှင့် အပွင့်တပ် မော်တော်ပီကယ် ရဲအရာရှိ တစ်ဦးက လမ်းလျှောက် စကားပြောစက်ဖြင့် ပြောဆိုနေသည်ကို လက်နက်ကိုင် ရဲတပ်သား ၅ ဦးခန့်က ပလက်ဖေါင်းနံဘေးမှ မကျေနပ်သလို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ လူအ၀င်အထွက်များကို ရှာဖွေ စီစစ်ပြီးမှ ၀င်ခိုင်းထွက်ခိုင်း နေသည်ကို တွေ့ရသည်။ ၀င်ခွင့်မရသောကြောင့် အပြင်မှ စောင့်မျှော်ကြည့်ရှုနေသော လူအုပ်ကြီးကလည်း မနည်းပေ။

မြန်မာနိုင်ငံသား များစွာတို့သည် တရားစီရင်မည့် တရားခွင်ဆိုသည်ကို ကြားနာ စောင့်ကြည့်ရန် လာခဲ့ကြသော်လည်း ထောင်အနီးသို့ပင် ကပ်ခွင့် မရရှာကြသောအခါလွန်စွာ စိတ်ဆိုးစိတ်ပျက်နေသည့် မျက်နှာများကို မြင်လိုက်ရသည်။ ကျနော် ရည်မှန်း ထားသော အင်းစိန်ထောင်အတွင်းမှ တရားခွင်တွင်း တရားစီရင်ခြင်းကို သာမန် ပြည်သူပြည်သား တဦးအနေဖြင့် နားထောင် ကောက်ချက်ချ သုံးသပ်မည် ဆိုသည့် ရည်မှန်းချက် ပျက်လေပြီ။ အင်းစိန်ထောင်ဗူးဝ မဆိုထားနှင့် အင်းစိန်ထောင်နားသို့ သွားရာ လမ်းကိုပင် ကျနော်တို့ မကပ်နိုင်ပြီ။ တရားစီရင်ခြင်းဆိုသည့် စကားရပ်ကို စဉ်းစားတွေးတောရင်း ဘတ်စ်ကားဆရာ တောက်တခေါက် ခေါက်ဖြင့် ကွေ့ဝိုက် မောင်းနှင်ရာနောက် လိုက်လာ ခဲ့သည်။ ကားသည် ပုံမှန်သွားရာလမ်း အပိတ်ခံလိုက်ရ၍ အင်းစိန်ပေါက်တောဝ မှတ်တိုင်ရှိရာသို့ တမျှော်တခေါ် ကွေ့ပတ် မောင်းနှင် နေရတော့သည်။ အော် ဒို့နိုင်ငံရဲ့ တရားစီရင်ရေး စနစ် တရားရဲ့လား။ တရားမျှတမှု ရှိရဲ့လား။ တရားခံဆိုသည့် ဒေါ်အောင်ဆန်းစုကြည်သည် တကယ်ပဲ ပြစ်မှု ကျူးလွန်သူ ဟုတ်ရဲ့လား။
ဒါလား...ခေါင်းဆောင်...

မှန်ကန်တဲ့ တရားစီရင်ခြင်း ဆိုတာ ပြည်သူလူထု ရှေ့မှောက် တရားခွင်အဖြစ် ဖွင့်လှစ်ပြီး လူထုကို ကြားနာခွင့် တက်ရောက် နားထောင်ခွင့် ပေးရမယ်။ တရားခံ တရားလို အပြန်အလှန် စစ်မေး ချေပခွင့် ပေးတာကို လူထုက နားထောင်ခွင့်ရှိရမယ်။ ဒီလို တရားခံ တရားလို အပြန်အလှန်ချေပချက်တွေကို အများပြည်သူ စိတ်ပါ ၀င်စား သူတို့က စောင့်ကြည့် သုံးသပ်ခွင့်ပေး ရမယ်။ နောက်ဆုံး ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ထွက်ပေါ်လာတဲ့ တရား စီရင်ချက် ပြစ်ဒါဏ် ဆိုတာ ကိုလည်း အများပြည်သူ အရှေ့မှာ ချမှတ် ရမယ်။ ဒါမှ တရားဥပဒေ ဆိုတာကို ဖေါ်ဆောင်ရာ ရောက်သလို ပြစ်မှု ကျူးလွန် လာနိုင်ဖွယ်ရှိတဲ့ အများ ပြည်သူထဲက ဒုစရိုက်သမား တွေကိုလည်း စံနမူနာပြ သွန်သင်ရာ ရောက်မယ်။ ဒီလို အများရှေ့မှောက်မှာ စီရင်တဲ့ တရားစီရင်ရေး စနစ်သည်သာ တရား စီရင်တယ်လို့ ကျနော် သိထားခဲ့လေတော့ ………

ယနေ့ ကျနော် အင်းစိန်ထောင်သို့ သွားခဲ့ပါသည်။ ပေါက်တောဝ မှတ်တိုင်သို့ ရောက်သောအခါ ကားပေါ်ပါသူ သက်ကြီးပိုင်း အများစုမှာ အင်းစိန်ထောင်သို့ သွားသူများ ဖြစ်ကြောင်း သူတို့ ပြောပြ၍ သူတို့နှင့်အတူ လိုက်ပါမည်ဟု ကြံကာရှိသေး လှမ်းမြင် တွေ့လိုက်ရသော မြင်ကွင်းက စိတ်ပျက် သွားစေ ခဲ့သည်။ လှိုင်သာယာ မြစ်ကူးတံတား လမ်းဆုံမှ အင်းစိန်ထောင် ဗူးဝဘက်သို့ ၀င်သော လမ်းမကို မီးပွိုင့် လမ်းဆုံမှ နေ၍ သံဆူးကြိုးများ အပြည့်ချပြီး ပိတ်ဆို့ထားကာ ရဲလက်နက်ကိုင် တပ်ဖွဲ့များက စောင့်ကြပ်နေသည်ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ ကားဖြတ်သန်းလာခဲ့ရာ လမ်းတလျောက်တွင်လည်း ဒိုင်းများ လွှားများ အသင့် ကိုင်ဆောင်ထားသည့် ရဲတပ်သားများ အပြည့် တင်ဆောင် ထားသည့် ရဲကားများက ဥဒဟို ဟိုဟို သည်သည် မောင်းနှင် နေသည်။ ယခု အင်းစိန်ထောင် အနီးတွင်လည်း ဘယ်သူမှ ဖြတ်သန်း သွားလာခွင့် မရအောင် ပိတ်ဆို့ထား ပြန်သည်။ သို့နှင့် ကျနော် ဟိုဟို သည်သည်ကြည့်ပြီး မီးပွိုင့် ပိတ်ဆို့ထားရာ နေရာဘေးရှိ အများသုံး ဖုန်းရုံလေးတွင် မယောင် မလည်ရပ်ပြီး လူများစွာ၏ မျက်လုံးများကို လိုက်လံ လေ့လာ နေမိတော့သည်။ မီးပွိုင့် ခုံနံဘေးမှသည် တဖက်တချက်တွင် လူများစွာတို့ ရပ်စောင့်နေ ကြသည်။ စကားပြော သူပြော။ လူသူကင်းမဲ့ လျှက်ရှိသော အင်းစိန် လမ်းမကြီး အတွင်းဘက် ထောင်သို့ သွားရာလမ်းကို ချောင်းကြည့်နေ ကြသည်။ ထောင်သို့ သွားရာ လမ်းမကြီးတလျောက်တွင် ခွေးတကောင် ကြောင်တမြီးမှပင် မရှိ တိတ်ဆိတ် ခြောက်ကပ် ခြောက်ခြား စဖွယ်ပင် ကောင်းလှသည်။
ပျော်ရွှင်နေကြသော တစ်ဖွဲ့သား ခြင်းတွေ....

အပိတ်ခံ ထားရသော ဈေးဆိုင်များ အိမ်များအားလုံးသည် နေ့ခင်း ကြောင်တောင် တံခါးများ အားလုံး ပိတ်ထားကြ ရသည်။ အိမ်တွင်းမှ လူတို့က ပြူတစ်ပြူတစ်ဖြင့် အိမ်အပြင်ဘက်ကို ချောင်းကြည့်နေကြ၏။ သူတို့လည်း အခိုက်တန့်အားဖြင့် နေအိမ် အကျယ်ချုပ်မိနေကြပေပြီ။ လမ်းဆုံမီးပွိုင့်ကို ပိတ်ဆို့ချထားသော သံဆူးကြိုးတပ် အတားအဆီးများနောက်တွင် လက်နက်ကိုင် ရဲတပ်သား သုံးဦးနှင့် တပ်ကြပ် တဦး အသင့်အနေအထားဖြင့် စောင့်နေသည်ကို တွေ့ရသည်။ သူတို့နှင့် ကျနော်တို့ ခြေလှမ်း ငါးလှမ်းမျှသာ ကွာဝေး၏။ သူတို့ မျက်လုံးများကို ကြည့်ရသည်မှာ ရဲတပ်သားတို့သည် လူထုကို ရန်သူသဖွယ် စောင့်ကြည့် အကဲခတ်နေသည်ကို တွေ့မြင်ရသော်လည်း တပ်ကြပ် ဖြစ်သူကတော့ လူထုကို စာနာ နားလည်သည့် မျက်လုံးဖြင့် အားနာသလို ရှက်ရွံ့သလို ကြည့်နေသည်ကို တွေ့ရသည်။ သူတို့နံဘေး အိမ်တလုံး အရိပ်အောက်တွင် သုံးပွင့်တပ် ရဲအရာရှိတဦး အရပ်ဝတ် အရာရှိတဦးနှင့် စအဖလား စွမ်းအားရှင်လား မသိနိုင်သည့် အရပ်ဝတ် လူလေးယောက်က စကားပြောစက်များ တယ်လီဖုန်း တကားကားဖြင့် အလုပ်ရှုပ် နေသည်။ မီးပွိုင့်စောင့် ရဲအိမ်လေးထဲတွင်စကားပြော စက်များဖြင့် အလုပ်များနေဟန်တူသည့် မျက်မှန်ထူထူ ဗိုက်ရွှဲရွှဲနှင့် အရပ်ဝတ် လူတို့ကို နေရာဖယ် ပေးထားဟန်ရှိသော ယာဉ်ထိန်းရဲတို့က ရဲအိမ်လေး အပြင်ဘက် နေရိပ်ရာ နေရာတွင် အုပ်စုဖွဲ့ တီးတိုး စကားပြောလျှက် ရှိသည်။

ထိုမော်တော်ပီကယ် ရဲတို့၏ မျက်ဝန်းများက ကြောက်လန့်ခြင်း တ၀က် စိုးထိတ်မှု တ၀က်။ ပူပင်မှုဟန်တို့ အထင်းသားဖြင့် ကျနော်တို့ လူအုပ်ကြီးဘက် ကြည့်လျှက်ရှိသည်။ သူတို့ လက်နက်ကိုင် တပ်ဖွဲ့ အများစု၏ မျက်ဝန်းများသည် ဘယ်သူ့ကိုမှ လူမထင်သည့်ဟန် ကျီးကန်း တောင်းမှောက်ဖြင့် ပြင်ပမှ သူတို့ကို စောင့်ကြည့်နေသော လူအုပ်ကြီးကို တချက်တချက် လှမ်းကြည့်နေ ကြသည်။ ပြင်ပ မီးပွိုင့်ဘက်မှ ကျနော်ရပ်နေသော လူအုပ်ကြီးကား တဖြည်းဖြည်း များများလာ၏။ ဒါတောင် ကားလမ်းတွေပိတ် လမ်းတွေ လွှဲထားသောကြောင့် နည်းခြင်း ဖြစ်မည်။ လူအုပ်ကြီးထဲ ကြည့်လိုက် သောအခါ တကယ် ရိုးသား ဆင်းရဲသည့် ဟန်က များသည်။ ဆွေမျိုး သားချင်းများကို ထောင်ဝင်စာ လာတွေ့သည့် သာမန် ဧည့်တွေ့ သူများပါသလို ကျနော့်လို ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်စစ်ဆေးသည်ကို စောင့်ကြည့် ကြားနာလို၍ လာကြသူ များလည်း ပါသည်။ တရားခွင်ကို ကြားနာ လိုသူများ၏ မျက်ဝန်း များသည် စူးရှတောက်ပသော အားမာန်များ တက်ကြွမှုများကို တွေ့ရသည်။ မိမိတို့ လူအုပ်ကြားထဲ တွင်လည်း လက်ပါးစေ ရဲသတင်းပေးများ စွမ်းအားရှင် လူမိုက် များလည်း ရောနှော နေကြောင်းကို မီးပွိုင့် ရဲအိမ်လေးထဲမှ တယ်လီဖုန်းဆက်ပြောနေသော အရပ်ဝတ် အရာရှိ ဖြစ်ဟန်တူသော ဗိုက်ရွှဲရွဲ မျက်မှန်တပ် အသားဖြူဖြူ လူတယောက် စကားသံအရ သိရှိရသည်။

သူက သူလှမ်းမြင်တွေ့နေရသော လမ်းတဘက်ရှိ လူအုပ်ကြားထဲမှ သူ့လူအား ဖုန်းဆက် အမိန့်ပေးနေခြင်း ဖြစ်သည်။ မည်သည့် ၀တ်စုံဝတ်ထားသော အသက် ဘယ်လောက် လူငယ်ကို ဆွဲထုတ်သွားဖို့ ဘယ်သူ့ကို စောင့်ကြည့်နေဖို့ စသည်ဖြင့် အမိန့်ပေးနေသည်ကို တွေ့ရသည်။ ထို့ကြောင့် မိမိတို့ လူအုပ်ကြားထဲတွင် လက်ပါးစေများ အာဏာ ပါးကွက်သားများ ရောနှောနေသည်ကို တွေ့ရသည်။ စစ်ထွက် တဦးဖြစ်သော မိမိအနေဖြင့် လူတို့မျက်လုံးများကို ဖတ်ရှုလိုက်သည်နှင့် ဘယ်သူသည် ပြည်သူ့ဘက်တော်သားလဲ ဘယ်သူသည် လက်ပါးစေ ပုဆိန်ရိုးလဲ ဘယ်သူသည် ဘာလဲ ခန့်မှန်းနေနိုင်သည်ဖြစ်၏။ နှစ်ပေါင်းများစွာ တပ်ထဲတွင် ရခဲ့သော လူအုပ်ချုပ်ရေး အတွေ့အကြုံက စကားပြောခြင်း ဖြစ်သည်။ သို့နှင့် လူအုပ်ကြားထဲ ဟိုသည်အနှံ့ မျက်လုံး ကစားမိသော အခါ လက်ပါးစေ လက်မရွံ့တို့က အယောင်ဆောင် ဟန်ပန်များဖြင့် လူအုပ်ကြီးထဲတွင် ကူးလူး ရှာဖွေနေသည်ကို တွေ့ရသည်။ သို့သော်လည်း လူအုပ်ကြားထဲတွင် သူတို့အင်အားသည် မပြောပလောက်ပေ။ လူအုပ်ကြီးသည် တဖြည်းဖြည်း များလာ၏။ နောက်ဆက်တွဲ ဘယ်သို့ ဆက်ဖြစ်လာအုံးမည် မသိ။ နေ့လည် ဆယ့်နှစ်နာရီ ထိုးတော့မည်။ ကျနော်လည်း ၀င်ခွင့်မပြုပဲ ပိတ်ဆို့ထားသော နေရာမှ ကွင်း၍ ထောင်ဗူးဝရှိရာ ချည်းကပ်နိုင်မည့် လမ်းကို ရှာရန် ထိုလူအုပ်ကြီး အကြားမှ ထွက်လာခဲ့သည်။ နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို မသိတော့ချေ။ ညပိုင်း သတင်းလာမှ စောင့် နားထောင်ရ အုံးမည်။

ကျနော် တစ်ယောက်တည်း ဆိုက်ကား ဆရာမေးလိုက် တွေ့ရာလူ မေးလိုက်ဖြင့် ၀င်လမ်းကို မေးလာခဲ့သော်လည်း အားလုံး ပတ်ပတ်လည်ကို လုံခြုံရေး အစောင့်များဖြင့် ပိတ်ဆို့ ထားပြီးသည်ကိုသာ ကြားသိရ တော့သည်။ အော်မြန်မာနိုင်ငံ၏ တရား စီရင်ရေး စနစ် တခုကို စောင့်ကြည့် လိုသော နိုင်ငံသား တဦး တွေ့ကြုံခဲ့ ရသော မြင်ကွင်း များကို သိခွင့် ရလိုက်သော အသင် ဘာကို တွေးမိပါသလဲ။…… လူထုရှေ့မှောက် မဟုတ်သော မျက်ကွယ်ရာတွင် လုံခြုံရေး အစောင့်အကြပ် ထူထပ်သိပ်သည်းစွာဖြင့် လူမသိသူမသိ ပြုလုပ်သော တရား စီရင်ခြင်းသည် မတရား စီရင်ခြင်း ဖြစ်သည်ဟု သင်တွေးမိပါ သလား။ ဤသို့ တွေးမိသည် ဆိုလျှင် တပ်မတော် အရာရှိဟောင်း တဦးဖြစ်သော ကျနော်နှင့် မိတ်ဆွေသည် အမြင်ချင်းတူပေသည်။ ထို့ကြောင့် သင်တို့ ကိုယ်စား မြန်မာပြည်သူ လူထု ကိုယ်စား မျိုးချစ် တပ်မတော်သားတို့ ကိုယ်စား ကျွန်ုပ်က တောင်းဆိုချက် တခုကို လက်ရှိအာဏာရ စစ်တပ် အစိုးရ ခေါင်းဆောင်များ ကြားသိအောင် တောင်းဆို လိုက်မည်။ ယနေ့ လတ်တလော အားဖြင့် နိုင်ငံတော်အစိုးရက ပုဒ်မ၂၂ ဖြင့် တရားစွဲဆို နေသည်ဆိုသော တရားဆိုင်မှု တရားစီရင်မှု စွပ်စွဲမှု အားလုံးကို တရားရုံးတော် အခင်းအကျင်းဖြင့် ပြည်သူလူထု ရှေ့မှောက် အများသူငှါ လေ့လာစောင့်ကြည့်နိုင်ခွင့် ရှိအောင် စီစဉ်ပေးသင့်ကြောင်း တောင်းဆို တိုက်တွန်းပါသည်။ ဤသို့မှ မဟုတ်ဘဲ ယနေ့ မိမိမြင်တွေ့ခဲ့ရသော မြင်ကွင်းပါ လုံခြုံရေး အထပ်ထပ်ဖြင့် လူမမြင်သူမသိ အများပြည်သူ မကြည့်နိုင်အောင် ပိတ်ဆို့ပြီးမှ စီရင်သော တရားစီရင်ရေးသည် မတရား စီရင်ခြင်းအဖြစ်သာ နိုင်ငံ့သမိုင်းတွင် ထင်ကျန်ရစ်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ တဆက်တည်းတွင် မြင့်မြတ်လှတဲ့ တပ်မတော်၏ သမိုင်းကို ဖျက်ဆီးနေကြသော စစ်အာဏာရှင် တစ်စုကို ဖယ်ရှား ချေမှုန်း ကြပါရန် တပ်မတော်သားများ အားလုံးအား ပန်ကြားလိုက်ပါသည်။

ညီတိုငြိမ်း တစ်ယောက် အင်းစိန် ထောင်ဗူးဝနားသို့ တစ်ခေါက်ရောက်ခဲ့ ပြန်ပြီ။ ပုဆိုးအနွမ်း၊ အကျီဖြူ တပတ်နွမ်းဖြင့် လူကြားထဲ သွားနေသော သူ့ကို တပ်မတော် အရာရှိဟောင်း တစ်ယောက်ဟု မည်သူမျှ မထင်နိုင်သော်လည်း စွမ်းအားရှင်လား၊ ကြံ့ဖွတ်ကလား၊ အက်စ်ဘီကလား၊ စရဖကလား သံသယများစွာဖြင့် သူ့ကို လူအုပ်ကြီးထဲက ကြည့်နေကြသည်ကို သူသတိပြုမိသည်။

ဟုတ်ပေလိမ့်မည်။ စစ်သားဟန်၊ စစ်သားပုံ၊ စစ်သားစိတ်၊ စစ်သား အမူအရာဖြစ်သည့် လမ်းလျှောက်ပုံ ကိုယ်နေဟန်တို့က လူကြား၊ အရပ်သားတို့ကြားတွင် ထင်းထင်းမြင်နိုင်နေသည်ကိုး။ သူသည် စစ်တပ်ကို ချစ်မြတ်နိုးလွန်းသောကြောင့် မတရား ကိုယ်ကျိုးရှာသူ အာဏာရှင်များ ကြီးစိုးနေသည့် ယနေ့ တပ်မတော်မှ နှုတ်ထွက်လာသူ တစ်ဦး ဖြစ်သည်။ စစ်သားဆိုလျှင် အကောင်းမြင်သူ ရှားသည့် မြန်မာပြည်မှ မြန်မာပြည်သား တစ်ဦးဖြစ်သော သူ့တွင် အင်မတန် မျှော်လင့်တောင့်တနေသော ရပ်ဝန်းကြီးတွေ ရှိကြောင်း သူမကြာခဏ ပြောလေ့ရှိသည်။ သူလိုချင်လွန်း အားကြီးသော ထိုအခြေအနေများကို သူ့နာမည်တွင် ထည့်ကာ မှည့်ခေါ်သည်အထိ စွဲလန်းအား ကြီးသူ တစ်ဦးလည်း ဖြစ်သည်။ သူသည် မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက ခုထိ မရသေးသည့် အမျိုးသား စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ ပေါ်ထွက်လာ စေလိုသည်။

ဆင်းရဲ စုတ်ပြတ်သတ်နေသော လူနေမှု ဘ၀တို့မှ ကင်းလွတ် အောင်မြင်ရာသို့ တိုးတက်မှုများစွာ ပေါ်ပေါက်လာစေလိုသည်။ နှစ်ပေါင်း ငါးဆယ်မျှ မငြိမ်းမချမ်း မငြိမ် မသက်ဖြင့် နီးရာဓါး လက်စောင်း ထက်ရာ အာဏာပိုင်ကို ကြောက်နေရသော ဘ၀တို့မှ လွတ်ကင်းသည့် ငြိမ်းချမ်းရေးမျိုးကို မက်မက်မောမော လိုချင်သည်။ ထို့ကြောင့် သူ့နာမည်ကို ညီညွတ်ရေး၊ တိုးတက်ရေး၊ ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် ညီတိုးငြိမ်းဟု ပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ မေလ ၁၉ ရက် နွေနေပူပူ အောက်တွင် ညီတိုးငြိမ်းသည် အင်းစိန်ဈေးကြီး အရှေ့ဘက် ဆိုင်တန်းများ အကြား ဗံဒါပင်ကြီးများ အရိပ်ကိုခိုလျှက် တစုံတခုကို စောင့်မျှော် နားစွင့် နေသည်။ သူ့ပတ်ဝန်းကျင် သူ့အခြေအနေတို့ကို မျက်မြင်ရသလောက် ဖေါ်ပြရမည်ဆိုလျှင် သူနှင့်မလှမ်းမကမ်း ဆိုင်ရှေ့ မျက်နှာစာ အုတ်ကွန်ကရစ် ပြင်ပေါ်တွင် အစီအရီ ထိုင်ကာ စကားပြော နေကြသည့် မျိုးချစ် စာရေးဆရာကြီး ဦးဝင်းတင် ဦးစီးသည့် NLD အင်အားစု တစ်ထောင်ကျော်ခန့် ရှိသည်။

သူတို့ နံဘေးတွင် အစီအစဉ်ကျကျ လာရောက်နိုးထားပေးသည်ဟု ယူဆရသော မီးစက်တလုံးက ဆူညံနေသည်။ ထို့ကြောင့် သူတို့ ဘာပြောနေသည်ကို အနီးအနား လူတို့ပင် သဲကွဲစွာ မကြားရ။ မြောက်များစွာသော လူတို့သည် သစ်ပင်ရိပ် ဆိုင်အမိုးရိပ်နှင့် လမ်းဘေး ဈေးသည် ကွမ်းယာသည် ထီးရိပ်တို့ကို ဖြစ်သလိုခိုကာ ပူပြင်းလှသော နေရောင်ကို အံတုကာကွယ်ရင်း သူတို့ မျက်ဝန်းများသည် ထောင်ဗူးဝ ရှိရာဘက်သို့ မျှော်ရှုလျက်ရှိ ကြသည်။

ညီတိုးငြိမ်းသည်လည်း ထောင်ဗူးဝဆီသို့သာ လှမ်းမျှော်လျှက်။ ထောင်ဗူးဝကို လှမ်းမျှော်ကြည့်သော အကြည့်တိုင်း အကြည့်တိုင်းသည် ၄င်းတို့ကို ထောင်ဗူးဝဆီသို့ ဖြတ်သန်း မသွားနိုင်ရန် ပိတ်ဆို့ထားသော သံဆူးကြိုးတပ် အကာအရံများကို ကျော်ပြီးမှ ဓါတ်တိုင် ခြောက်တိုင်ခန့် အကွာ ခပ်လှမ်းလှမ်းမှ ထောင်ဗူးဝ အထွက်ပေါက်ကို ချောင်းမြောင်း စောင့်မျှော်ကြရခြင်း ဖြစ်သည်။ စစ်သားဟောင်း တစ်ဦးဖြစ်သော ညီတိုးငြိမ်းသည် တမျိုးသားလုံး ညီညွတ်ရေးကို အထူး မျှော်လင့်သူဖြစ်သည့် အတိုင်း ယခုကဲ့သို့ နိုင်ငံသား အချင်းချင်း ပိတ်ဆို့သူက ပိတ်ဆို့ တရားစီရင်ခြင်း ပြုလုပ်သည် ဆိုသည့် နေရာကို နိုင်ငံသားတို့ မလာရောက် နိုင်အောင် တားဆီးပိတ်ဆို့မှု လုပ်ကာ လူလူချင်း စိတ်ဝမ်းကွဲ စောင့်ကြည့် ခြိမ်းခြောက် နေကြခြင်း ဖြစ်စဉ်များအား ဘာကြောင့် ဘယ်လို ဘယ်တော့ စသည်ဖြင့် အထူးဆင်ခြင် သုံးသပ်နေ မိသည်။

လက်နက်ကိုင် ရဲတို့နှင့် လက်နက်ဆို ဘာမှ ကိုင်ဆောင်ထားခြင်း မရှိသော လူထုတို့အကြား ဖြစ်ပွားနေသော တားဆီးချုပ်ချယ် ကန့်သတ်နေ ခြင်းများ၊ လက်နက် တကားကားဖြင့် ခြောက်လှန့် ဖိစီးနေရခြင်း ဖြစ်စဉ်များ ဇာစ်မြစ်ကို မျက်မြင်ကိုယ်တွေ့ စဉ်းစား ဆင်ခြင်ရင်း သံဆူးကြိုးများ နောက်မှ ရဲတပ်ဖွဲ့ဝင်တို့ မျက်ဝန်းများကို လေ့လာနေမိသည်။ တဆက်တည်း ညီတိုးငြိမ်း တပ်မတော် အရာရှိ အဖြစ်ဖြင့် စစ်ဆင်ရေး နယ်မြေသို့ သွားခဲ့စဉ်က ရန်သူ့ နယ်မြေဟုခေါ်သော စစ်ဆင်ရေး နယ်မြေတွင်ပင် ရပ်ရွာဒေသခံ ပြည်သူတို့အား လက်နက်အားကိုးဖြင့် ယခု ရန်ကုန်မြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ လူထုဘက် သေနတ်ပြောင်းဝလှည့်ကာ မချိန်တွယ် မခြိမ်းခြောက် ခဲ့သည့် စစ်သား ဘ၀ကိုလည်း သတိရ မိသည်။

ယနေ့ ရန်ကုန် အင်းစိန်မှ ရဲယူနီဖေါင်းဝတ် တပ်ဖွဲ့ဝင်တို့သည် ရန်ကုန်မြို့ကို စစ်ဆင်ရေး ရန်သူမြို့ဟုများ သွန်သင် ခံထားရလေသလား မသိ။ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်သော အခါ ညီတိုးငြိမ်း ရပ်နေသော လူထုကြီးအား နေရာပေါင်းစုံမှ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးနေသူများကို တွေ့ရသည်။ မီဒီယာ သမားလော။ အစိုးရ ထောက်လှမ်းရေးလော ဘာမှမသိနိုင်။ အချို့က အင်းစိန်ဈေးကြီး ပထမထပ် မှန်တံခါးများ နောက်မှ ခိုးကြောင်ခိုးဝှက် ရိုက်ကူးနေသည်ကို တွေ့ရသလို အချို့ကလည်း စားမတတ် ၀ါးမတတ် မျက်လုံးများဖြင့် ကြည့်ပြီး ကလဲ့စားချေရမည် သူတို့ကို မှတ်တမ်းတင်နေဟန် နေရာအနှံ့ ရိုက်ယူနေသည်ကိုလည်း တွေ့ရသည်။

မနက် ၉နာရီခန့်က စပြီး အင်းစိန် ဈေးအရှေ့ဘက်ခြမ်း ထောင်ဗူးဝသွားရာလမ်းကို ပိတ်ဆို့ ကာရံတားသည့် နံဘေး ဆိုင်တန်းများ နေရာတွင် တဖြည်းဖြည်း တဖွဲဖွဲ တစ်ယောက်ပြီး တစ်ယောက် တစ်စုပြီး တစ်စု ရောက်လာရာမှ နေ့လည်ပိုင်း ကုလသမဂ္ဂ ရဟတ်ယာဉ် ဖြူဖြူကြီး အနိမ့်ပျံဝဲကာ အင်းစိန်ထောင်ကို အကဲခတ် ပျံသန်းကြည့်ရှု သွားချိန်တွင် အင်အားသည် ထောင်ကျော်မက များပြာလာနေပေပြီ။ ထိုအချိန်တိုင် အမျိုးသား ခေါင်းဆောင် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးကာ မတရားစီရင်မည့် မတရားရုံးထုတ်ပွဲ ဆိုသည်ကို လာရောက် စောင့်ကြည့်သူ ပြည်သူလူထုက တဖွဲဖွဲ ရောက်လာနေတုန်းပင်။

အချို့က လမ်းဘေး သစ်ပင်ရိပ်တွင် ကျုံ့ကျုံ့ ထိုင်လျှက် အချို့က ဆိုင်တန်းများ အကြား ဆိတ်ငြိမ်စွာ နားစွင့်လျက် အချို့က အများပြည်သူ ရပ်ကွက်နေ ပြည်သူတို့ လာရောက် လှူဒါန်း သွားသည့် ငှက်ပျောသီးများ သောက်ရေဗူးများကို လိုက်လံ ဝေငှနေသည်။ အချိန်က ထမင်းစား ချိန်တောင် လွန်လေပြီကိုး။ လုံခြုံရေး အစောင့်ရဲများ နှစ်ယောက် တစ်တွဲစီ အစောင့်လဲသွားပြီး ထမင်းစား ဖြုတ်သော်လည်း ထမင်းကျွေးမည့် သူမရှိ ရေတိုက်သူ မရှိသောကြောင့် မျက်နှာများ ရှုံ့တွနေသူ အချို့ရှိသည်။

ထိုသူများမှာ တံမြက်စည်း အရိုးတံ တုတ်တုတ်ကြီးများ ရှေ့ချပြီး လူထုနံဘေး အိမ်တဆောင် အရိပ်တွင် မျက်နှာရှုသိုးသိုးရှိနေသည့် လူတစ်စုပင်ဖြစ်သည်။ ညီတိုးငြိမ်းသည် လူငယ်တစ်ဦး လိုက်လံဝေငှသည့် ငှက်ပျောသီးတစ်လုံးကို ယူရင်း စစ်သားတို့ အဓိဌာန်ပြုမြဲဖြစ်သည့် သစ္စာကိုပြုမိသည်။ အစာကျွေးသော မိဘပြည်သူတို့ပေးသော လစာကို မစားတော့သော်ငြား ပြည်သူ့သစ္စာကို စောင့်သိနေအုံးမည့် မျိုးချစ် တပ်မတော်သား စိတ်ဓါတ်ဖြင့် မှန်ကန်သော စကားကို ဆိုခြင်းဖြစ်ပါသည်။

မိဘပြည်သူတို့ စစ်ကျွန်ဘ၀မှ လွတ်မြောက်အောင် ညီတိုးငြိမ်း တတ်စွမ်းသည့် နေရာမှ အစွမ်းကုန် ကြိုးပမ်းပြီး၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရပ်ရပ်တွင် ဘယ်နေရာကမဆို ရိုးဖြောင့် တည်ကြည်စွာ ကိုယ်ကျိုးကို မတွက်ဘဲ ထမ်းဆောင် ကြိုးပမ်းမည်ဟုလည်း မလှမ်းမကမ်း ထောင်ဗူးဝဆီသို့ ရည်မျှော်ရင်း အဓိဌာန်ပြုမိသည်။

ထိုထောင်ကြီးအတွင်း လူထုချစ်သော၊ ဒီမိုကရေစီကို မြတ်နိုးသူတိုင်း အားထား ယုံကြည်သော၊ လူဆင်းရဲ တိုင်းသူ ပြည်သားတို့ ကောင်းကျိုးအတွက် သူ့အသက် သူ့ဘ၀ကို ပေးဆပ်စွန့်လွှတ် ဦးဆောင် ကြိုးပမ်း နေသော ကျနော်တို့ တပ်မတော်၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို လက်နက်ဖြင့် ခြိမ်းခြောက် အုပ်ချုပ်ကာ ကိုယ်ကျိုးစီးပွား ရှာနေသည့် စစ်ဗိုလ် ချုပ်ကြီးများ၏ အမှု ဆင်ဖမ်းဆီးခြင်းကို ခံနေရ ရှာသည်။

ညီတိုးငြိမ်းသည် အမြင့်မြတ်ဆုံးသော တိုင်းပြည် အတွက် ပေးဆပ်သူ မည်သူ့ကို မဆို လေးစားဂုဏ်ယူမှု ပြုတတ်သော စစ်သားကောင်း တစ်ဦးဖြစ်သည့် အားလျော်စွာ မိမိ တာဝန် ထမ်းခဲ့ရာ တပ်မတော်မှ စစ်ဗိုလ်ချုပ် တစ်စု၏ ကြီးစွာသော ရန်သူဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်သား ပီပီ လေးစားခြင်းသာ ဖြစ်သည်။ သူ့တွင် ပါတီစွဲမရှိ။ နိုင်ငံရေး အစွဲ မထား။ သူလိုချင်သည့် ညီညွတ်ရေး ဆိုသည်တွင် နိုင်ငံသားအားလုံး ညီညီညွတ်ညွတ် စုစုစည်းစည်းဖြင့် တိုင်းပြည်ကောင်းအောင် ကြိုးပမ်းချင်စိတ် ပြင်းပြသည် ဖြစ်ရာ စစ်ဗိုလ်ချုပ်များနှင့် လူထု နိုင်ငံရေး ခေါင်းဆောင်များ အကြား ညီညွတ် စေ့စပ်ရေး ရပ်ဝန်းတခု ဖြစ်ပေါ်စေလိုသူ ဖြစ်သည်။

ထို့ကြောင့် ပါတီနိုင်ငံရေးနှင့် ဆက်နွယ်သူ မည်သူ့ကို မဆို ပုဒ်မ အမျိုးမျိုးတပ် ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်တတ်သည်ကို မမူဘဲ သည်နေရာသို့ လာရောက်ပူးပေါင်းခြင်း ဖြစ်သည်။ မိမိတို့တိုင်းပြည် တကယ် တိုးတက်ငြိမ်းချမ်းချင်လျင် ညီညွတ်ရေးကို အရင် တည်ဆောက်နိုင်မှ ရပေမည်။ ယခုကဲ့သို့ လွန်စွာထင်ရှား ကျော်ကြားသည့် လူထုခေါင်းဆောင် တစ်ယောက်ကို တိတ်တဆိတ် လူမမြင် သူမမြင် ဖမ်းဆီး ချုပ်နှောင်ပြီး အများသူငါ ကြည့်ခွင့် မပေးသည့် တရားခွင်တွင် တရားစီရင်မည်ဆိုသည့် ဖြစ်စဉ်မျိုးသည် အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုသည်နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေပေ သောကြောင့် မျိုးချစ်စစ်သား ညီတိုးငြိမ်း ဒီနေရာသို့ လာရောက် ပူးပေါင်း အင်အား ဖြည့်ပေးခြင်းပင် ဖြစ်သည်။

ညီညွတ်ရေးကို လိုလားသည့် လူငယ်တို့ ညီညွတ်စုရုံးစွာပင် အများတကာ လာရောက်ခွင့်မပြုရဲသော တရားရုံးဆိုသည့် ထောင်ဗူးဝကို မျှော်ကြည့်နေကြဆဲ ဖြစ်သည်။ ဗံဒါပင် အရိပ်အောက်မှ နေပြင်းပြင်း ဒါဏ်ကို အံတုရသည်မို့ တော်သေးသည်။ ဟိုဟိုသည်သည် စဉ်းစားနေခိုက် ရဲတပ်ဖွဲ့ဝင် ၀တ်စုံပြည့် လက်နက်ပြည့် ကိုင်ဆောင်သူ အပြည့်ပါသည့် ရဲကားတစီး ထိုသံဆူးကြိုးကာ လမ်းအတွင်းမှ မောင်းထွက်လာပြီး ညီတိုးငြိမ်းတို့ နားကို လာရပ်သည်။ ချက်ချင်း ကားပေါ်မှ ခုန်ဆင်းပြီး တရုတ်ပြည်လုပ် ရဲကားပတ်ချာလည်ကို ကာကွယ် မတ်တပ်ရပ် လိုက်ကြသည်။

ထိုအချိန်မှ ကားခေါင်းခန်းမှ သုံးပွင့်တပ် ရဲအရာရှိ တစ်ဦး ဆင်းလာပြီး လမ်းဘေး ပလက်ဖေါင်း သစ်ပင် အရိပ်အောက်တွင် ထိုင်နေကြသည့် အမျိုးသမီးကြီး အချို့အား ခွေးမောင်းသလို မောင်းထုတ်သည်ကို တွေ့ရသည်။ သူပြောသော စကားမှာ လမ်းဘေး ပလက်ဖေါင်းက လူထိုင်ဖို့ မဟုတ်ဘူး ဖယ်စမ်း ဟုဆိုကာ သူက ထိုသစ်ပင်ရိပ်အောက်တွင် ဟိုဟိုသည်သည် လမ်းလျှောက်ပြီး ဘာသံမှ ထွက်မလာသော အိုက်ကွန် စကားပြောစက်ကို နားနားကပ်ပြီး အာဏာရသူကြီး ပုံစံလုပ်ပြ နေ၏။ မျက်နှာထား တင်းချက်မှာ စာနှိုင်းရန် ခက်၏။

သို့နှင့် ညီတိုးငြိမ်းလည်း ထိုရဲကားရှိရာ သစ်ပင်ရိပ်မှ ခွါကာ လမ်းဘေး ပိတ်ထားသည့် ထီဆိုင် အမိုးရိပ်အောက်သို့ ၀င်ထိုင်လိုက်ရ၏။ ထိုအချိန်တွင် ကြားလိုက်ရသော စကားတခွန်းကြောင့် အတော် ထူးဆန်းသလို ခံစားရ၏။ တောက်… သေနတ်သာ မပါရင် လူချင်း နပန်းလုံးပြလိုက်ချင်တယ်.. ဟု ပြောလိုက်သည့် လူတစ်ယောက်အသံပင်။ ထိုလူသည် မည်သူဟု ထင်ပါသနည်း။ NLD လူငယ်လည်း မဟုတ်။ ထောင်ဝင်စာလာတွေ့သည့် သာမန် အရပ်သားလည်း မဟုတ်။ ညီတိုးငြိမ်းလို မတရားသော တရားစီရင်မှုကို ကန့်ကွက်သည့်အနေဖြင့် လာရောက်စုဝေးသော မျိုးချစ် ပြည်သူ လူထုထဲကလည်း မဟုတ်။ အင်းစိန် ဒေသခံလား ဆိုတော့လည်း မဟုတ်။

နောက်ပိုင်း ညီတိုးငြိမ်းနှင့် ထိုလူအုပ်စု စကားပြောဖြစ်သော အခါမှ ထိုလူတို့ အကြောင်းကို ခရေစေ့တွင်းကျ သိလိုက်ရသည်။ ထိုလူတို့နှင့် ညီတိုးငြိမ်းအပါအ၀င် လူငယ်များ စကားတွေ ဖေါင်ဖွဲ့နေသည်ကို လမ်းတဖက် သံဆူးကြိုးတား နေရာနံဘေးတွင် အဆင်သင့်ရပ်ထားသော ဟိုင်းလတ်ကားပေါ်မှ တရုတ်မျက်နှာပေါက်နှင့် လူနှစ်ဦးက လွန်စွာ စိတ်ဆိုးသည့် မျက်နှာဖြင့် လှမ်းကြည့်နေသည်ကို တွေ့ရသည်။ ထမင်းစားချိန် လွန်ပြီး နေ့ခင်း တစ်နာရီ ကျော်သည့်တိုင် ဘာမှ မစားရသေးသည့် ထိုလူအုပ်သည် ဘယ်သူများ ဖြစ်သည်ဟု ထင်ပါ သနည်း။

NLD လူငယ်တစ်ဦးက သူတို့ကို ငှက်ပြောသီး လာကျွေးသည်။ ညီတိုးငြိမ်းက လမ်းဘေးပြောင်းဖူးသည်ထံမှ ပြောင်းဖူးတွေ ၀ယ်ကျွေးလိုက်သည်။ ပြီးတော့ သူတို့ ဘယ်သူတွေ ဘာကြောင့် ဒီမှာလာစောင့်နေသည် အားလုံးကို အနုနည်းနဲ့ စစ်ကြောရေး လုပ်လိုက်သော အခါ သူတို့သည် နယ်မြေခံ အာဏာပိုင်များ မွေးမြူထားသော စွမ်းအားရှင်အဖွဲ့များ ဖြစ်နေကြောင်း သိရတော့သည်။ လမ်းမကို တံမြက်စည်း လှဲရင်းစောင့်နေသည့် အလုပ်သမားများဟု ဘယ်သူ မေးမေး ပြောရန်နှင့် မလှမ်းမကမ်းမှာ စောင့်နေသော ကားပေါ်မှ ဌာနမှူးဆိုသူ တရုတ်လူမျိုးက ခိုင်းသည့် အတိုင်း လုပ်ရမည်ဖြစ်ကြောင်း တစ်နေ့ကို တစ်ထောင့်ငါးရာဖြင့် ငှားထားသည့် အခစား ၀န်ထမ်းများ ဖြစ်ကြောင်း သိလိုက်ရ တော့သည်။

လက်စသတ်တော့ အကြမ်းဖက် ဖြစ်စဉ်များ ဖြစ်ပေါ်အောင် ကြားခံ လက်မရွံ့ လူသတ်သမားများ အဖြစ် စေခိုင်းခံရသည်မှာ သူတို့လို လူမျိုးတွေပင် ဖြစ်နေသည်ကို ညီတိုးငြိမ်း အံ့သြစွာ နားလည်လိုက်သည်။ သူတို့ အားလုံးသည် လက်သည်းခွံ ရှည်ရှည်များကြား ချေးမဲများနှင့် မဲညစ်ပေသည့် ကြမ်းတမ်းသော လက်ဖ၀ါးပြင် မာမာကြီးတွေ ရှိ၏။

တောက်ပခြင်းမဲ့သော မျက်ဝန်းသေကြီးတွေရှိ၏။ ဘောက်ထူသန်းစွဲသော ဆံပင်ဘုတ်သိုက်ကြီးတွေ ရှိ၏။ အနာဖေးများ အနာများ မွနေသည့် ခြေသလုံးသား မဲမဲ တုတ်တုတ်တွေပေါ် ဆေးမှင်ကြောင်တွေက အမည်း ထပ်ဖြည့်ထားသည်။ ဖိနပ်ဆိုသည်ကို မစီးဖူးသည့်ဟန် ခြေသည်းတို့ တွန့်လိမ် ရုပ်ပျက်နေကြသည်။ ပေရေမည်းသည်းနေသော ကိုယ်လုံးကို စွပ်ကျယ် အပြဲများ ဘောင်းဘီတို အစုတ်များဖြင့် ဖြစ်သလို ၀တ်ဆင်ဖုံးကွယ်ထားသည်ကို တွေ့ရသည်။

သေချာသည် တစ်ခုကတော့ သူတို့ အားလုံးသည် အသိဥာဏ်ဆင်ခြင်တုံတရား လွန်စွာခေါင်းပါးသော ပညာမဲ့များ ဖြစ်နေသည် ဆိုခြင်းပင်။ အားလုံးတော့ ပညာမဲ့သည်မဟုတ်။ အသက်၂၀ ခန့်အရွယ် လူငယ်တစ်ဦးကို ညီတိုးငြိမ်းက စာတစ်အုပ်ကို ပြပြီး အဖုံးက ပုံသည် ဘယ်သူ့ပုံလဲဟု မေးကြည့်သည်။ သူမဖြေနိုင် ၊သူသည် ၈ တန်းထိ တက်ခဲ့ဖူးသည် ဆိုသည်။ ထိုအဖုံးက ဓါတ်ပုံ ဘယ်သူ့ပုံလဲ သူမသိပါ။ သူ့နံဘေးမှ အသက် ၃၀ကျော်ခန့်ရှိသည့် တောတွင်းသား လူရိုင်းတို့ ဥပဓိရုပ်မျိုး ရှိသည့် လူတစ်ယောက်က ၀င်ဖြေသည်။ မင်းကလဲ ဒါတောင် မသိဘူးလား။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းကွ ဟူသတည်း။

ညီတိုးငြိမ်းသွားလေရာ ယူသွားတတ်သည့် ထိုစာအုပ်မှာ ဦးပုကလေးရေးသည့် ငါတို့ ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ ဆိုသည့် စာအုပ်ဖြစ်သည်။ မျက်နှာဖုံးတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနှင့် ငါတို့ ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ ဆိုသည့် စာတန်းသာ ပါသည်။ ထို့ကြောင့် ၈တန်းထိ တက်ဖူးသည့် လူငယ်က စာဖတ်တတ်ပေသည့် ဗိုလ်ချုပ်ကို မသိဟု ဖြေခြင်းဖြစ်မည်။ သူ့ဘေးက တောတွင်းသား ပုံလူက ကျုပ်သိတယ် ကျုပ်အဖေ အမြဲတမ်း ဖတ်လေ့ ရှိတယ် အဲဒီစာအုပ် အိမ်က ဘုရားစင်မှာ ရှိတယ်။ ကျုပ်က ကျောင်းမတက်ခဲ့ရလို့ စာမတတ်ဘူး။ ဒါပေမယ့် ကျုပ်အဖေ ပြောလေ့ရှိလို့ သိတာပေါ့ ဟု ပြန်ဖြေသည်။

သူ့အဖေသည်လည်း ကွယ်လွန်လေပြီ။ အိမ်မှ မိဘနှင့် ညီအကို မောင်နှမများ စားဝတ်နေရေး အတွက် ပညာမတတ် စာမဖတ်တတ်သည့် သူ့လို ခိုင်းရာ လုပ်မည့်သူ တစ်ရက် တစ်ထောင့်ငါးရာ ရမည့် ဒီအလုပ်ကို မပျော် ပိုက်ပါဘဲနှင့် လုပ်နေရခြင်း ဖြစ်ကြောင်း ပြောပြပြီး စောစောက ရဲတွေကို သေနတ်မကိုင်ဘဲ တစ်ယောက်ချင်း ချချင်တယ်ဟု သူပြောခဲ့ ခြင်းဖြစ်သည်။ သူသည် လက်ရှိ စွမ်းအားရှင် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ညီတိုးငြိမ်းတို့ စကားပြောနေခိုက် သူတို့ အဖွဲ့ဝင်တစ်ဦးက … ဟိုမှာ ဌာနမှူးက လှမ်းပြောနေတယ် ခွာနေတဲ့…. သူတို့ အသာထပြီး ညီတိုးငြိမ်းတို့ လူသိုက်နှင့် အလှမ်းဝေးရာ ဒေါင့်သို့ သွားစုပြီး ပါးစပ်ပိတ် နှုတ်ဆိတ် အကြောင်သားသော မျက်လုံးတို့ဖြင့် ဌာနမှူးဆိုသူ တရုတ်လူမျိုးကိုသာ စိုက်ကြည့်နေကြတော့သည်။ ထိုတရုတ်လူမျိုးက ကားခေါင်းခန်းမှ နေပြီး သူ့တပည့် စွမ်းအားရှင်တွေကို ခြေဟန်လက်ဟန်ဖြင့် အမိန့်လှမ်းပေး လူစုခွဲခိုင်းနေသည်ကို တွေ့ရပေတော့သည်။

တကယ်တမ်း အရင်းစစ်ကြည့်လိုက်တော့ အစွယ်လိုသူ မိဖုရား။ အသွားစေခိုင်းသူ မင်းဧက္ကရာဇ်။ မြားပစ်သူ စွမ်းအားရှင် ဆိုသည်ကို တွေးမိကြစေသတည်း ……ထိုအတွေးတို့ မဆုံးသေးပေ။ ဟောဟိုမှာ ဟိုမှာ ရှေ့နေကြီးတို့ ပြန်ထွက် လာပြီဟု တစ်ယောက်က ဆိုလိုက်ယုံရှိသေး။ လူအုပ်ကြီးသည် ကမန်းကတန်း မတ်တပ် ထရပ်ကြသည်။ ရုတ်ခြည်း ပွက်လောညံ သွားသည်။ ဘယ်လောက်များပင် သိချင်စိတ် ပြင်းပြပါ သနည်း ဆိုလျှင် သူ့ထက်ငါ အလုအယက် သံဆူးကြိုး များဘက် တိုးဝှေ့ ထွက်လာသည်။

ထိုအချိန် ရဲမှူး သုံးပွင့်သည် ၀ုန်းကနဲ ထိုင်နေရာမှ ထ၍ သူ့နံဘေး တိုင်ကီ သုံးလုံးတွဲလျက် ဘန်ပါ (စစ်တပ်အခေါ် ကာဗာ) လုပ်ထားသော နေရာတွင် တိုင်ကီပေါ်တင်လျှက် စက်သေနတ် ဘရင်းဂန်းကို ကျည်ထိုး နေရာပြင် လူထုဘက်သို့ ပြောင်းဝကိုချိန်လျှက် ထ လုပ်ပါတော့သည်။ ဒါကို ရုတ်ခြည်း မြင်တွေ့လိုက်မိသော စစ်သားကျနော် လွန်စွာ ချဉ်ခြင်းဖြစ်မိသည်။ ရိုင်းပေစွတကား။ လက်နက်ဆို အပ်တိုမျှ မပါသည့် လူထုကို ဘရင်းဂန်းဖြင့် ချိန်ရွယ်ဝံ့သည်မှာ ဂဠုန်ဦးစော၏ ၀ါးရင်းဒုတ် တပ်ဖွဲ့မျိုးသာလျှင် ဖြစ်ပေလိမ့်မည်။ ပြည်သူကို ကူညီပါရစေ ဆိုသော ရဲတပ်ဖွဲ့မျိုး မဟုတ်ပေ။

လူထုကြီး ၀ုန်းကနဲ ထရပ်သည်မှာ သူတို့ ရဲတပ်ဖွဲ့ကို ရန်ပြုလို၍ မဟုတ်။ သူတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ သတင်းကို အငမ်းမရ ငံ့လင့်နေ၍ ဖြစ်ပေသည်။ ဒါကို ဂျီအီး ဂျီလန့်တတ်သော အလိုလို ထိတ်လန့်နေတတ်သော ထိုရဲမှူးက ဘဇာကို ကြောက်နေပါသနည်း။ ရှင်းပါသည်။ သူ့ပုံကို ကြည့်လိုက်ယုံနှင့် သူသည် ပေးရာယူ ကျွေးရာစား။ ခိုင်းတာလုပ်။ ခံမပြောရဲသော ကိုယ်ကျိုးတစ်ခုသာ ကြည့်မည့် တကိုယ်ကောင်းသမားမှန်း ထင်ရှားနေပေသည်။ ဒါ့အပြင် အရက်ကို အလွန်အကျွံ စွဲလန်းစွာ သောက်သုံးတတ်သူမှန်း ဖေါသွပ်ပါးလျသော သူ့ခန္ဓာက ပြနေသလို စူးစူးရှရှ ကောက်ကျစ်တတ်သည့် မျက်ဝန်းကလည်း လူကောင်း မဟုတ်မှန်း ပြနေသည်။ သူလိုလူမျိုး လက်ဝယ် ပစ်ခတ်ခွင့် အာဏာပေးအပ်ထားသည်မှာ မြန်မာလူထုအတွက် ကံဆိုးပေစွ။ မျိုးချစ်စစ်သား ရင်နာသည်။ မျိုးချစ်စစ်သား စိတ်ပူသည်။ မျိုးချစ်စစ်သားတို့ ရဲသွေးကြွဖို့ အချိန်တန်ပြီဟု ညီတိုးငြိမ်း ရဲရဲ ဆုံးဖြတ်မိသည်။ ဟော သူတို့ကို ကြိုလင့်နေသည့် ထောင်ချီသော လူအုပ်ကြီးထံ လှမ်းလာနေသည့် ရှေ့နေနှစ်ဦးကို ရဲအရာရှိများက ဆီးတား၍ တင်ကြို ပြင်ဆင်ထားသည့် တက္ကစီကားပေါ်တင်ကာ အခြားလမ်းဘက်မှာ ကွင်းရှောင်သွားခိုင်းလိုက်သောအခါ လူထုကြီးထဲမှ တောက်ခေါက်သံများ ချက်ကျကျ ထွက်လာသည်။

ဤနေရာတွင်တနေကုန်နီးပါး အစာငတ်ခံ ရေငတ်ခံပြီး မျှော်လင့်စောင့်စားခဲ့ရသည့် အမြတ်နိုးဆုံး သူတစ်ယောက်၏ သာကြောင်းမာကြောင်း သတင်းလေးမှ မကြားရနိုင်တော့ပြီ။ ညနေပိုင်း လေလှိုင်းမှ တဆင့် ပျံလွင့်လာမည့် သတင်းတို့ကိုသာ နားထောင်ရအုံးတော့မည်။ တောက်ခေါက်သံ တစ်ချက်။ စုတ်သံညည်းညူသံ တစ်ချက်။ အံကြိတ်သံ တစ်ချက်။ ရောယှက်ထွက်ပေါ်လာပြီးသည့်နောက် စည်းကမ်းရှိသည့် လူထုကြီးသည် လာရာလမ်းဆီသို့ ငေးမှိုင်စွာဖြင့် ပြန်ထွက်ခွါကြရတော့သည်။ ညီတိုးငြိမ်းသည်လည်း လူထုကြီးနှင့် အတူ ခြေလှမ်းလျက် … မျက်ဝန်း အာရုံတွင်းတွင်မတော့ အကျဉ်းစံတိုက်အတွင်း ကျန်ခဲ့ရှာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ရဲမေ လူယုံတော် မျိုးချစ် အမျိုးသမီးနှစ်ဦးတို့ မျက်ဝန်းများ။

လူထုကြီးနှင့် တွေ့ခွင့်မရဘဲ အခြားလမ်းမှ လှည့်ပြန် သွားရသည့် ရှေ့နေနှစ်ဦး ရင်တွင်း အတွေးများ အကြောင်း။ ညီတိုးငြိမ်းတို့ စားစရာကျွေးလိုက်၍ ပျော်မြူးသွားသော စွမ်းအားရှင် အဖွဲ့ဝင်များ။ ညီညီညွတ်ညွတ်ဖြင့် စည်းကမ်းတကျ နေထိုင်ကာ ငှက်ပျောတစ်ခွံမျှပင် တွေ့ရာ မစွန့်ပစ်ဘဲ NLD ပါတီဝင်တို့ စိတ်နေသဘောနှင့် စည်းကမ်းရှိကြောင်းကို ပြသခဲ့သည့် ပါတီဝင်များ။ ညီတိုးငြိမ်းနည်းတူ ဤနေရာသို့ လာရောက်ခဲ့ကြသည့် မျိုးချစ် တပ်မတော် သားဟောင်း စစ်သည်ဟောင်းများ။ အိုးပစ်အိမ်ပစ် အလုပ်ပစ်ကာ ဤနေရာသို့ အရောက် လာခဲ့ကြသည့် ပြည်သူ လူထုများ။ အားလုံး အားလုံး….. အားလုံးကို လွှမ်းခြုံ သုံးသပ် လိုက်မိ သောအခါ ညီတိုးငြိမ်း အပါအ၀င် လူထုအားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ချစ်ခင်ကြသည်။ ခေါင်းဆောင် တစ်ဦးအဖြစ် အားကိုးကြသည်။ မြန်မာနိုင်ငံကြီးကို တိုးတက်ငြိမ်းချမ်းညီညွတ်စေချင်ကြသည်။ စစ်တပ်နှင့် နိုင်ငံရေး ခေါင်းဆောင်များ ညီညွတ်စွာ နိုင်ငံ့အရေးကို ကောင်းအောင် ကြံဆောင်ကြစေ ချင်သည်။ ညီတိုးငြိမ်း ပျော်ပါသည်။ ယနေ့လို လူထုကြီးနှင့် ပူးပေါင်းလာသည့် စစ်သား တစ်ဦးအဖြစ် ကြံဖန် ပုဒ်မများဖြင့် အရေးယူကာ အင်းစိန်ထောင်တွင်း ထောင်သွင်း အကျဉ်းကျခံရမည်ဆိုရင်လည်း ပျော်ရွှင်စွာ ခံယူမည်။ ဒါမှ လူထုခေါင်းဆောင်နှင့် အနီးဆုံးနေရာမှာ နေခွင့်ရမည် ဖြစ်သည်။ ငရဲမှာ အိုအေစစ်ရောက်နေသည်ဟု သိခွင့်ရလာသောအခါ ငရဲဆိုသည်ကိုလည်း သူမကြောက်တော့။ ဒီလို အတွေးမျိုး ပေါ်လာသော အခါ ဘာကိုမှ ပူပင်စိတ်မရှိ တော့ချေ။

ခြေလှမ်းတို့သည် သွက်လာသည်။ ပတ်ဝန်းကျင် လေပြေအဖြူးသည် လန်းဆန်းရနံ့တို့ ချက်ချင်း လွှမ်းလာသည်။ လူတို့ မျက်လုံးများသည် စူးရှတောက်ပ လာသည်။ ရဲတပ်သားများ စစ်သားလေးများ၏ မျက်လုံး လေးများသည် ငြိမ်းချမ်း ကြည်နူးမှု မြင်ကွင်းတရပ်ကို တောင့်တနေသည်ဟု ညီတိုးငြိမ်း မှတ်ချက်ပြုမိ လိုက်သည်။ မျိုးချစ်စိတ်ထားတို့ ဖေါ်လှစ်ပြကြပါတော့ ညီနောင်တို့ဟု တိုးတိုးညည်းရင်း အင်းစိန်ဂုံးတံတား အဆင်းမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်တို့အား ရည်စူး မေတ္တာပို့သခဲ့ ပါကြောင်း။ ပြည်သူ ချစ်သော လူထုခေါင်းဆောင် အမြန်ဆုံး လွတ်မြောက်ပါစေ သတည်း။

အတင်းအကြတ်လုပ်စရာ မလို

နအဖ ၏ စစ်မှုမထမ်းမနေရ ဥပဒေ ကျွန်တော့်အမြင်

တော်ပါပြီ..ဒီလောက်ဆိုရင်...........


  မှန်ကန်တဲ့ စစ်သားတွေလား...

ဒီ ဥပဒေ ဟာနအဖ ရဲ့ ရည်ရှည်အတွက် စီမံကိန်း တစ်ခုသာ ဖြစ်တယ်။ နိုင်ငံအတွက်နှင့် ပြည်သူလူထု အတွက်တော့ လုံးဝအကျိုး ရှိမယ့်ဥပဒေ မဟုတ်ပါဘူး။ နအဖ စစ်တပ်ပိုပြီးခိုင်မာလာ ဖို့နဲ့ စစ်အာဏာရှင်စနစ် သက်တမ်းပိုရှည်လာ ဖို့သာ ရည်ရွယ်ခြင်း ဖြစ်တယ်။ ကျွန်တော်လည်း လူငယ် တစ်ယောက်ပါ၊ ကျွန်တော်လည်းအရမ်း ခံစားမိပါတယ်။ တကယ်တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်တွေ ဆိုရင် ဒီလိုမျိုးလုပ်မှာ မဟုတ်ပါဘူး၊ နအဖ စစ်ဗိုလ်တွေဟာ အလွန်ရွံစရာ ကောင်းတဲ့ သတ္တဝါ ဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်း တော့ပါဘူး။ သတ္တဝါလို့ ခေါ်ရင်တောင် မတန်ပါဘူး။ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေသာ ကောင်းမယ်ဆိုရင် မစီမဆိုင်တဲ့ ဥပဒေ တွေကို ထုတ်စရာတောင် မလိုပါဘူး၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း ပြီးလုပ်နေ စရာကို မလိုပါဘူး၊ ကိုယ်တိုင် စိတ်ပါဝင်စားပြီး နိုင်ငံ့ တာဝန်တွေကို ပါဝင် ထမ်းဆောင်ချင်သူ တွေဟာ ရည်တွက်လို့ မကုန် ပါဘူး။ ခေါင်းဆောင် ဆိုတာ နေရာ ယူရဲရင် နေရာ ဖယ်ပေးရဲ ရပါတယ်။ 

ကျွန်တော့်ရဲ့ အမြင်တွေပါ...                                                          Peace Mr.


မှတ်ပြီလား...မှတ်ထား ..ဒါနည်းတောင်နည်းသေးတယ်....


 အမှန်တရားဆိုတာ ဘယ်တော့မှ အမှားဖြစ်လာမှာ မဟုတ်ဘူး...

Peace Mr.

သတင်းသမားတို့၏ ကျင့်ဝတ်နှင့် ရပိုင်ခွင့်များ

သတင်းသမားတို့၏ကျင့်ဝတ်

နိဒါန်း 
လွတ်လပ်စွာ တွေးတော ကြံဆခွင့်နှင့် ရေးသား ပြောဆိုခွင့်တို့သည် လူသားတို့၏ အခြေခံ ရပိုင်ခွင့်များ ဖြစ်သည်။ သတင်းသမားတို့သည် ထိုရပိုင်ခွင့်များကို ကျင့်သုံးရာတွင် သက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာရမည်။ 

သတင်းသမားတစ်ဦးသည် 

-သတင်းအမှန်ကို ပေါ်လွင်စွာ ဖေါ်ထုတ်ပြီး လူထုအား အသိပေးရမည်။

- သတင်းကို လွတ်လပ်စွာ ရှာဖွေဖြန့်ဖြူးခွင့် ဝေဖန်သုံးသပ်ပိုင်ခွင့်ကို ကာကွယ်ရမည်။ 

-သတင်းနှင့် သတင်းဝေဖန်ချက်တို့၏ ခြားနားပုံကို နားလည်ရမည်။ 

-လူ့အဖွဲ့အစည်း၊ လူ့လောကအတွက် တန်ဖိုးရှိသည့် သတင်းကိုသာ ရေးသားထုတ်လွင့်ရမည်။ 

-သတင်းဇစ်မြစ်ကို တိကျစွာ ရှာဖွေဖေါ်ထုတ်ရမည်။ 

-သတင်းပေးသူ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရမည်။

-သတင်းရယူရာ၍ မေးမြန်းခံရသည့် ပုဂ္ဂိုလ်အား လေးစားစွာ ဆက်ဆံရမည်။ 

-သတင်းထုတ်လွင့်ရာ၍ သတင်းတွင် ဖေါ်ပြခံရသည့် ပုဂ္ဂိုလ်အား လေးစားစွာ ရည်ညွန်း ဖေါ်ပြရမည်။ 

 -တိကျခိုင်လုံပြီး မျှတစွာဖေါ်ပြထားသော သတင်းကိုသာ ရေးသားထုတ်လွင့်ရမည်။ 

-လူထုကြား၌ပျန့်နှံ့နေသော ကောလာဟလသတင်းကို ခြေအမြစ် ရှိ-မရှိ စစ်ဆေး၍ အခြေအမြစ်မရှိပါက မရှိကြောင်း လူထုကို အသိပေးရမည်။

-သတင်း၊ သတင်းဓါတ်ပုံ၊ သရုပ်ဖေါ်ပုံစသည်တို့ကို ၎င်းတို့၏ မူရင်းဇစ်မြစ် မှသာ ရယူသုံးစွဲရမည်။ မူရင်းဇစ်မြစ်ကို ရှာဖွေ၍ မရပါက အနီးစပ်ဆုံး ဇစ်မြစ်ကို မိမိရေးသားထုတ်လွင့်သည့် သတင်း၊ သတင်းဆောင်းပါး စသည်တို့တွင် ရှင်းလင်းစွာ ဖေါ်ပြရမည်။

-သတင်းအတွက် အဓိကကျသော အချက်အလက်များကို ချန်လှပ်ဖေါ်ပြခြင်း မပြုရ။

-သတင်းဆိုင်ရာ မှတ်တမ်းများ၊ စာရွက်စာတမ်းများကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ။

-သတင်းကို ဘာသာပြန်ဆို ရေးသားထုတ်လွင့်ရာ၌ မူရင်းအဓိပ္ပါယ်နှင့် ကွဲလွဲမှုမရှိစေရ။

-တဖက်သားကို မတရားစွပ်စွဲခြင်း၊ သွားပုတ်လေလွှင့် ရေးသားပြောဆိုခြင်း မပြုရ။ 

-မိမိရေးသားထုတ်လွှင့်ခဲ့သော သတင်း၌ အချက်အလက်မတိကျမှု ၊ မှားယွင်းမှုများ ပါရှိခဲ့ပါက လျင်မြန်စွာ နှင့်ထင်ရှားစွာ ပြင်ဆင်ရေးသားရမည်။-သတင်းရယူရာ၍ မသမာသောနည်းလမ်းများ ကို အသုံးမပြုရ။ 

-သတင်းဖေါ်ပြရေး သို့မဟုတ် သတင်းမှောင်ချရေးအတွက် ပေးသော လာဘ်လာဘကို လက်ခံခြင်းမပြုရ။ 

-မိမိ၏ ကိုယ်ပိုင်ထင်မြင်ချက်ကို သတင်းရေးသားထုတ်လွှင့်ရာ၌ ထည့်သွင်းဖေါ်ပြခြင်းမပြုရ။

-သတင်းနှင့် ပတ်သက်နေသည့် ဘက်ပေါင်းစုံ၏ အမြင်ပေါင်းစုံကို ထင်ဟပ်စေရမည်။ အကယ်၍ သက်ဆိုင်ရာ ဘက်တဖက်က ထင်မြင်ချက် မပေးပါက ဤအကြောင်းကို ပေါ်လွင်အောင် ဖေါ်ပြရမည်။ 

-သတင်းပါလူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ ၏မိမိကိုယ်မိမိ ကာကွယ်ပြောဆိုမှုကို သတင်း၌ ဖေါ်ပြပေးရမည်။သတင်းနှင့်ပတ်သက်သော ပုဂ္ဂိုလ်ကို သတင်းအကြောင်းခြင်းရာထက် ပို၍ ဦးစားပေးဖေါ်ပြခြင်းမပြုရ။ 

-သတင်းပါလူပုဂ္ဂိုလ်၏ သတင်းနှင့် မပတ်သက်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ရေးသားထုတ်လွှင့်ခြင်း မပြုရ။

-တရားရင်ဆိုင်နေရဆဲဖြစ်သူ လူပုဂ္ဂိုလ် တစ်ဦးအား အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးဖြစ်သူ သို့မဟုတ် ပြစ်ဒဏ် ချမှတ်ခံရပြီးဖြစ်သူ တဦးအဖြစ် ဖေါ်ပြခြင်း မပြုရ။ 

-သတင်းသို့မဟုတ် သတင်းဆောင်းပါး ရေးသားထုတ်လွှင့်ရာ၌ လူမျိုးရေး ဘာသာရေးအရ နှိမ့်ချဆက်ဆံမှု၊ အကြမ်းဖက်မှု၊ ဆူပူသောင်းကျန်းမှုတို့ကို အားပေးအားမြှောက်ပြုသည့် ကောက်ချက် သို့မဟုတ် ဝေဖန်ချက်များ မပါစေရ။လူအများ စိတ်ခြောက်ခြားစေမည့် စကားအသုံးအနှုန်းကို ရှောင်ကျဉ်ရမည်။ 

-မိမိ သို့မဟုတ် မိမိ၏ သတင်းဌာနနှင့် အယူအဆချင်း မတူညီသူအား တဖက်သတ် ဝေဖန်ရေးသားထုတ်လွှင့်ခြင်း မပြုရ။

-သတင်းကို ကုန်ပစ္စည်းကြော်ငြားရေးနှင့် ဝါဒဖြန့်ချိရေးပစ္စည်းအဖြစ် အသုံးမပြုရ။သတင်းသမား အချင်းချင်း တန်းတူရည်တူ ဆက်ဆံရမည်။အခြားသတင်းသမားတစ်ဦး ရေးသားထုတ်လွှင့်သော သတင်းကို ခွင့်ပြုချက်မရပဲ သုံးစွဲခြင်းမပြုရ။ 

-မိမိအား အလုပ်ခန့်ထားသည့် သတင်းဌာန သို့မဟုတ် သတင်းလုပ်ငန်း၏ ရပ်တည်ရေးအား ထိပါးနိုင်သည့် သတင်းမျိုးကို ရေးသားထုတ်လွှင့်ခြင်း မပြုမီ အယ်ဒီတာအဖွဲ့အား အသိပေးရမည်။ 

-သတင်းသမား တစ်ဦးသည် ဖြောင့်မတ်မှန်ကန် စွာသွားလာ လှုပ်ရှားရမည်။

-သတင်းသမား တစ်ဦးတွင် ခွဲခြားတတ် သောစိတ်ဓာတ်လုံးဝ ကင်းလွတ်ရမည်။ (သူဟာ ဆင်းရဲလို့၊ ချမ်းသာလို့၊ )

သတင်းသမားတို့၏ရပိုင်ခွင့်

သတင်းသမားတစ်ဦးသည် 

-အများပြည်သူ၏ အကျိုးစီးပွားနှင့် ပတ်သက်သော သတင်းကို ကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ စုံစမ်းထောက်လှမ်းပိုင်ခွင့်ရှိသည်။

-သတင်းလွတ်လပ်ခွင့်ကို ထိပါးသော အချုပ်အချယ် အကန့်အသတ်များကို ဆန့်ကျင်ပိုင်ခွင့်ရှိသည်။

-သတင်းပေးသူ၏ လုံခြုံရေးကို ကာကွယ်သည့် သဘောဖြင့် သတင်းပေးသူ မည်သူဖြစ်သည်ကို တာဝန်ရှိအယ်ဒီတာမှတပါး အခြားသူများကို အသိမပေးပဲ နေပိုင်ခွင့်ရှိသည်။

-သတင်းရေးသားထုတ်လွင့်ရာ၌ တာဝန်ရှိအယ်ဒီတာ၏ လုပ်ငန်းသဘာဝအရ တာဝန်ပေးမှုမှတပါး အခြားသူများ၏ အမိန့်ပေးခြင်း၊ ဖိအားပေးခြင်းတို့ ကိုဆန့်ကျင်ပိုင်ခွင့်ရှိသည်။

-မိမိအား အလုပ်ခန့်ထားသည့် သတင်းဌာန၊ သတင်းလုပ်ငန်းတို့က စာဖြင့် ရေးသားပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည့် မည်သည့်ခိုင်းစေမှု သို့မဟုတ် တားမြစ်မှုကိုမဆို ငြင်းဆန်ကန့် ကွက်ပိုင်ခွင့်ရှိသည်။

-သတင်းဆောင်းပါးထုတ်လွှင့်ရာ၌ မိမိ၏ ယုံကြည်ချက်နှင့် ဆန့်ကျင်သည့် ကောက်ချက်သို့မဟုတ် ဝေဖန်ချက်မျိုးပေးရန် အခြားသူတစ်ဦးက အမိန့်ပေးခြင်း၊ ဖိအားပေးခြင်းကို ဆန့်ကျင်ပိုင်ခွင့်ရှိသည်။

-မိမိအား အလုပ်ခန့်ထားသည့် သတင်းဌာန သတင်းလုပ်ငန်းတို့၌ သငတင်းသမားများအား အလုပ်ခေါ်ခြင်း၊ အလုပ်ခန့်ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း၊ ရာထူးတိုးခြင်းတို့ကို သိပိုင်ခွင့်ရှိသည်။

-သတင်းလုပ်ငန်း တခုတည်းဖြင့် အသက်မွေးသူ ဖြစ်ပါက ယင်းလုပ်ငန်းဖြင့် လွှတ်လပ်စွာ ရပ်တည်နိုင်မည့် လုပ်ခမျိုးကို တောင်းဆိုပိုင်ခွင့်ရှိသည်။

-သတင်းသမားတစ်ဦးသည် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်ရှိသည်။

-International  Card ရရင် နိုင်ငံတကာ မှာ သွားလာသတင်းယူ ပိုင်ခွင့်ရှိသည်။

-ကိုယ့်ရဲ့ သတင်းအမှန်တွေ ကို လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်ရှိသည်။

-သတင်းသမားတိုင်းအတွက် အသက်စည်းစိမ် လုံခြုံပိုင်ခွင့်ရှိသည်။


by...                                                                           Peace Mr.

စစ်မှန်သောလိုအပ်မှု

စစ်မှန်သောလိုအပ်မှု


 အကောင်းဆုံးကြိုးစား သွားရင်တော့ အကောင်းဆုံး ရလဒ်တွေကို ရမှာပါ....

ဒါတွေဟာ ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းမှုလား....

ကမ္ဘာပေါ်မှာ အလိုအပ်ဆုံးဟာ ဘာလဲ.. 

အရေးအကြီးဆုံးကကောဘာတွေလဲ… 

အမြတ်နိုးဆုံးအရာတွေကဘာလဲ… 

တန်ဖိုးအကြီးဆုံးကကောဘာတွေလဲ… 

 အကောင်ဆုံးကကောဘာအရာတွေဖြစ်သလဲ… 

လူဆိုတာဟာလူသား တစ်ယောက်ပါပဲ.. 

အဲဒီလူသားဟာ ခံစားချက်ရှိတယ်.. 

ဝမ်းနည်းကြေကွဲခြင်း ဆိုတာလဲရှိပါတယ်.. 

လူတစ်ယောက်အပါ် နားလည်မှုလည်းရှိတယ်… 

စာနာတတ်တဲ့ စိတ်လည်းရှိတယ်.. 

အမှန်တရားကိုလည်း သိတယ်.. 

ဒါပေမဲ့ကွာ…အခုဟာက လွန်လွန်းပါတယ်…

တစ်နှစ် နှစ်နှစ် မဟုတ်ဘူး.. 

လွတ်လပ်ရေးရတာ နှစ် (၆၀) တောင် ကျော်သွားပြီ..

ဒီလိုမျိုးစစ်အစိုးရရဲ့ လက်အောက်မှာ အဖိနှိပ်ခံနေ ရတာအလွန်ကိုမွမ်းကြပ်နေပြီ..

ကျွန်တော်တို့လို ချင်တာဒါမျိုးမဟုတ်ဒါတော့ အမှန်ပဲ.. 

ကျွန်တော်တို့လိုချင်တာ တကဲ့လွတ်လပ်တဲ့..လွတ်လပ်မှုအစစ် ကိုပါ… 

လူလူ ခြင်းသနားငြာသာမှုကို လည်းမဟုတ်ဘူး၊လူ့အခွင့်အရေးကို ပါ… 

( Not philanthropy but rights) 

ဒါကို သေချာစွာခွဲခြားသိ မြင်နိုင်ဖို့ ကအလွန်အရေးကြီးပါတယ်… 

ကျွန်တော်တို့ တိုင်းသူပြည်သား မုန်းတာအစိုးရကို မဟုတ်ပါဘူး.. 

တစ်ခုတည်းသော တရားမမျှတမှု ဆိုတဲ့ဟာ ကိုပဲဖြစ်ပါတယ်…

(I hate no one but I hate only injustice.) 

Peace Mr.













  
    အားတင်းထားကြပါ...




 

ရှစ်လေးလုံး အကြို ဖြစ်ရပ်မှန် ကိုယ်တွေ့ဆောင်းပါး


ရှစ်လေးလုံး အရေး အခင်းကြီးတွင် ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့သော လေတပ်မှ တပ်ကြပ်ကြီး တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ စာဖတ် ပရိသတ်များအား တင်ပြလိုက်ရ ပါတယ်။ ဆောင်းပါးကို အပိုင်း (၃) ပိုင်းခွဲပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

“ဤ ဆောင်းပါးဖြင့် ၁၉၈၈ ခုနှစ် အရေး အခင်းတွင် အသက်ကို ပဓာန မထားဘဲ ရဲဝံ့ပြောင်မြောက်စွာ လှုပ်ရှားခဲ့သော ကျောင်းသူ၊ ကျောင်းသား၊ ပြည်သူများအား လည်းကောင်း၊ ပြည်သူ့ဘက်သို့ ပါဝင်လာသော ကြည်း၊ ရေ၊ လေ စစ်သည်များအား အစစ အရာရာ စောင့်ရှောက်ပေးခဲ့သော ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား အပေါင်း အားလည်းကောင်း၊ ပြည်သူနဲ့ ပူးပေါင်း ပါဝင်လာသော စစ်သည်များကို ရင်ဝယ်သားကဲ့သို့ နွေးထွေး ပျူငှာ လှိုက်လှဲစွာ ထွေးဖက် ကြိုဆိုကြသော ကျေးဇူးရှင် မိဘပြည်သူ တစ်ရပ်လုံးအား လည်းကောင်း အစဉ် သတိရစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။” 

ဆရာဖုန်းမြင့် 

ပြည်သူသာ အမိ ပြည်သူသာ အဖ - အပိုင်း (၁) 

ဆောင်းပါးရှင် - ဆရာဖုန်းမြင့်ယခုဆိုလျှင် သမိုင်းဝင် ရှစ်လေးလုံး၏ သက်တမ်းကာလသည် (၁၉) နှစ်ပြည့်မြောက်၍ (၂၀) နှစ် အတွင်းသို့ စွန်းထင်း ၀င်ရောက်ခဲ့ပါပြီ။ သို့သော် ရှစ်လေးလုံး၏ အကျည်းတန်မှု၊ ရက်စက်မှု၊ ခါးသီးမှု၊ လူမဆန်မှု၊ ယုတ်မာရိုင်းစိုင်းမှု၊ ကြေကွဲမှု၊ နာကျည်းမှု စသည့် စသည့် အနိဌာရုံများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်းနှီး ထိတွေ့ ကြားသိခဲ့ ရသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျောင်းသား ကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့သည် ထိုအချိန် ထိုကာလမှ အကြောင်း အရာများကို သူတို့ အသက်ရှင် နေသရွေ့ ကာလပတ်လုံး မေ့ပျောက်ခြင်းငှာ တတ်နိုင် မည်မဟုတ် သကဲ့သို့ သူတို့၏ သားစဉ် မြေးဆက် ပြောပြ၍လည်း ဆုံးနိုင်မည် မဟုတ်ပါ။ ထို ရှစ်လေးလုံး၏ များပြားလှစွာသော လမ်းကြောင်းများ အနက်မှ လမ်းကြောင်း တကြောင်း အတွင်းသို့ ၀င်ရောက် လျှောက်လှမ်း ခဲ့ဖူးသော ကျွန်တော် သည်လည်း ထိုလမ်း ကြောင်းအတွင်းမှ သက်ဝင် လှုပ်ရှားမှု များကို ပြန်၍ မြင်ယောင်၊ ကြားယောင် နေဆဲပင်။ ရှစ်လေးလုံး၏ ပေါင်းဆုံ စီးဆင်းရာ လမ်းကြောင်းများနှင့် ပုံရိပ်များ သည် ကောင်းကင်မှ ကြယ်အစုံကို ကြည့်မိသကဲ့သို့ အချို့မှာ ထင်ရှားလျက်၊ အချို့မှာ မှုံဝါးလျက်၊ အချို့ မှာ မပီဝိုးတ၀ါးနှင့်။ မတ်လ (၁၆)ရက် ကျွန်တော် ရုံးတက်သောနေ့တွင် စက်မှုတက္ကသိုလ်သို့ လုံထိန်းနှင့် စစ်တပ်မှ ၀င်နှောက်ရိုက်နှက် ဖမ်းဆီးသည့် သတင်းကို ကြားရသည်။ နောက်ဆက်ကာ ဆက်ကာ ဆိုသလို အင်းလျားကန်ဘောင် တံတားဖြူတွင် လုံထိန်းများက ကျောင်းသား ကျောင်းသူများကို ကမ်းကုန်ရက်စက်စွာ ရိုက်နှက် သတ်ဖြတ်မှု၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲ လုံထိန်းနှင့် စစ်သားများ ၀င်စီးကာ ကျောင်းသား ကျောင်းသူများကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှု၊ အလုံပိတ် အချုပ်ကားထဲတွင် ကျောင်းသားများ မွန်းကြပ် သေဆုံးမှုတို့မှာ ကြားရသူတိုင်းကို အံ့သြတုန်လှုပ် ခြောက်ချားစေကာ ပြင်းထန်စွာ ထိခိုက် ခံစားရစေ ပါသည်။ ဤအရေး အခင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ရဲဘော်များကို ကာကွယ်ရေး ၀န်ကြီးဋ္ဌာန ခမ်းမသစ်ကြီးတွင် ခေါ်ယူပြီး ဗိုလ်မှူးကြီးများ တယောက်ပြီး တယောက် စင်မြင့်ပေါ် တက်ကာ သူတို့ လိုချင်သော ပုံစံများဖြင့် ရှင်းလင်းသွား ခဲ့သည်။ 

သို့သော် ကျွန်တော်တို့ ကာကွယ်ရေး ၀န်ကြီးဋ္ဌာနမှ စစ်သည်များသည် အပြင်တွင် နေခွင့် ရကြသူများ ဖြစ်ကြ၍ အဖြစ်မှန်များကို သိထားနှင့် ကြပြီးဖြစ်ရာ ဤရှင်းလင်းပွဲကို စိတ်မ၀င်စားကြ၊ ဗိုလ်မှူးကြီး တယောက်က ပြောပါသေးသည်။ “ဒီလို မြို့တွင်း အရေးအခင်းတွေနဲ့ ပတ်သက်ရင် ကာကွယ်ရေး ၀န်ကြီးဋ္ဌာနမှာ ရှိတဲ့ အရာရှိ စစ်သည် တွေမှာလည်း တာဝန်ရှိတယ်၊ နောင်... ဒီလို အရေးအခင်းမျိုးတွေ ထပ်ဖြစ်လာရင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန အနေနဲ့ တာဝန်ယူရ လိမ့်မယ်။ ဒါကြောင့် အခုကစပြီး လုံခြုံရေး တပ်ရင်းတွေ ဖွဲ့မယ်” ဟု ပြောပါသည်။ “အော်.... ဒါကြောင့်လည်း ငါတို့ကို မွမ်းမံသင်တန်းတွေ မကြာခဏ တက်ခိုင်းတာကိုး” ဟု ခံပြင်းစွာ တွေးမိသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အတွင်းရှိ ကြည်း၊ ရေ၊ လေ စစ်သည်များသည် မကြာခဏ ဆိုသလို ဖေါင်ကြီးလေ့ကျင့်ရေး (၁) နှင့် ဂျိုးဖြူတိုင်း ဗဟိုတို့တွင် စစ်ပညာမွမ်းမံ သင်တန်းများ သွားတက်ရသည်။ ဘယ်နှစ်ဘယ်သင်တန်းတွင်မဆို အထူးဦးစားပေး သင်တာကတော့ လူထုအုံကြွမှု (သို့မဟုတ်) ဤကဲ့သို့သော အရေးအခင်းမျိုးတွင် အရပ်ဘက် အုပ်ချုပ်ရေးမှ မထိန်းသိမ်းနိုင်တော့သဖြင့် စစ်ဘက်သို့ လွှဲအပ်ပြီး နှိမ်နင်းစေသော သင်ခန်းစာ ဖြစ်သည်။ 

8888.......သတိရကြပါစေ...

ဆန္ဒပြ လူအုပ်ကြီး ချီတက်လာပုံ၊ အရပ်ဘက် အုပ်ချုပ်ရေးမှ တားဆီးပုံ၊ နောက်ဆုံး မတားနိုင်တော့သဖြင့် စစ်တပ်ကို လွှဲအပ်ပုံ၊ စစ်ကားများ ဆန္ဒပြနေရာသို့ ရောက်ရှိလာပုံ၊ ၀တ်စကုတ် အနီဝတ် လက်ဖြောင့်တပ်သားများက သေနတ်ကို မုဆိုးဒူးထောက် အနေအထားဖြင့် ဆန္ဒပြ လူအုပ်ကြီးဘက်သို့ ချိန်ရွယ်ထားပုံ၊ အထက်အရာရှိက အသေပစ်ရန် ခရာဖြင့် အမိန့်ပေးပုံ၊ ဆန္ဒပြသူများ လဲကျသေဆုံးပုံ၊ ထိုသရုပ်ပြပွဲကို ရှင်းလင်းပွဲ နားထောင်ရင်း စိတ်မသက် မသာ ဖြစ်ခဲ့ပုံများကို ပြန်မြင်ယောင်လာကာ “သြော်..ဒို့ကို ဒီသင်တန်းတွေ မကြာခဏ တက်ခိုင်းတာ တိုင်းပြည်ရဲ့ အညွန့်အဖူး ကျောင်းသားများကို ပစ်သတ်ခိုင်းဖို့ပါလား” ဟု နာကျင်စွာ တွေးတောမိပြီး “အကယ်၍သာ ဒီလိုအရေး အခင်းတွေ ထပ်ဖြစ်ပြီး ငါတို့ကို နှိမ်နင်းဖို့ တာဝန်ပေးခဲ့ရင် ဘယ်လိုလုပ်ရပါ့” ဟု တဆက်တည်း စဉ်းစားမိပြီး ရင်ထဲလေးလံ ထိုင်းမှိုင်းသွားခဲ့ ရသည်။ အလျဉ်းသင့်၍ ပြောရပါလျှင် တပ်တွင်း ရဲဘော်များသည် ဤအရေးအခင်း မပေါ်မှီကတည်းက စစ်အစိုးရနှင့် ပတ်သက်၍ မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနတွင် လုပ်အားပေးများ အမြဲလိုလို ရှိနေတတ်သည်။ သို့သော် ပြည်သူ့ အကျိုးပြု လုပ်ငန်းများတော့ မဟုတ်၊ ဒူးယားတဘူး၊ ဆပ်ပြာ တတောင့်ပေးပြီး အရာရှိကြီးများနေထိုင်ရာ (ဥပမာ - အဏ္ဏ၀ါရိပ်သာ၊ ပြည်ထောင်စုရိပ်သာ) ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများစွာနှင့် ညစ်ပတ်ပေရေ နေသော နေရာများကို ရှင်းလင်းခိုင်းခြင်းသာ ဖြစ်သည်။ ရဲဘော် စစ်သည်များအတွက်မူ ဘာမျှဆောင်ရွက်မပေး၊ ယုတ်စွအဆုံး တပ်တွင်းလူပျိုလိုင်းရှိ ရေချိုးကန်အိမ်သာများ ကိုပင် ကောင်းကောင်း မဆောက်ပေး၊ မပြင်ပေး၊ မြစိမ်းရောင်၊ ရွှေဝါမြေ စစ်ဆင်ရေးများတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေး ဆုံးရှုံးမှုများ၊ နစ်နာ ချက်များကိုလည်း ရင်နင့်စွာ ကြားသိမြင်ခဲ့ရသည်။ ကိုယ်ချင်းစာ ခဲ့ရသည်။ ငါတို့ လုပ်နေတာ ပြည်သူအတွက် တိုင်းပြည်အတွက် မဟုတ် ဆိုတာကို သိခဲ့ရသည်။ တောင်သူလယ်သမားများမှာ သေနတ်ကြောက်၍သာ ငုံ့ခံခဲ့ရသည်။ (ဥပမာ မာဃစီမံကိန်း) ၊သည် အတွေ့အကြုံ၊ သည်ခံစားချက်များသည် အထက်အောက် ဆက်ဆံမှုများတွင် လေးစားမှုများ လျော့နည်းခဲ့ရသည်။ ၂၅ိ၊ ၃၅ိ နှင့် ၇၅ိ တန် ငွေစက္ကူများ တရားမ၀င်ကြောင်း ကြေညာလိုက် ခြင်းကလည်း အောက်ခြေရဲဘော်များ သာမက အထက်အရာရှိများ အတွင်းတွင်ပင် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့ ရသည်။


ဇွန်လမြေနီကုန်း အရေးအခင်းများ ပြီးနောက် အမှတ်(၅၀၂) လေတပ်စခန်းနှင့် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း (လပထ)မှ စစ်သည်များကို အရေးအခင်းများ နှိမ်နင်းရေးအတွက် လုံခြုံရေး တာဝန်များ ပေးလာသည်။ သို့သော် ခိုင်းသာ ခိုင်းရသည်။ လေတပ်နှင့် ရေတပ်ကို မယုံကြ၊ သို့ဖြစ်၍ မြို့လယ်ခေါင်နှင့် ကျောင်းသားများနှင့် နီးစပ်သော နေရာများတွင် လုံခြုံရေး တာဝန်မပေးရဲ၊ တောင်ဥက္ကလာလို မြို့ အစွန်များတွင် တာဝန်ပေးသည်။ အခြားတပ်များက မည်သို့သဘော ထားသည်ကို ကျွန်တော်မသိ။ ကျွန်တော်နှင့် ထိတွေ့ရင်းနှီးမှု ရှိခဲ့သော (လပထ) လေတပ်စခန်းရှိ ရဲဘော်များ၏ သဘောထားကတော့ ပြတ်သည်။ “ ဟေ့ - ငါတို့ကတော့ အထက်အမိန့်မို့သာ သွားရတာ၊ လုံးဝဆန္ဒမရှိဘူး၊ ငါတို့ကို ပစ်မိန့်ပေးလို့ကတော့ ဆောရီးဘဲ၊ လုံးဝမပစ်ဘူး၊ ပြည်သူတွေ ကျောင်းသားတွေ ရှေ့မှာ သေနတ်ကို ဒီအတိုင်း ပစ်ချပေးလိုက်မယ်၊ နောက်မှ ဘယ်လို အပြစ်ပေးပေး၊ နောက်မှ ကြည့်ရှင်းမယ်” ဟူ၍ အချင်းချင်း လျှို့ဝှက်ညှိနှိုင်း ထားကြသည်။ သို့သော် အချို့ တလွဲဆံပင် ကောင်းသူများကတော့ “ ငါတို့တော့ သူ့ဆန်စားထားရတာ၊ သူတို့ ခိုင်းတာ လုပ်ရမှာဘဲ” ဟု ပြောသံ ကြားရကြောင်း ပွင့်လင်းစွာ ၀န်ခံပါသည်။ ရှစ်လေးလုံး အရေးအခင်းသည် ကျွန်တော်တို့ ရဲဘော်များနှင့် အရာရှိ အသိုင်းအ၀ိုင်းထိ ၀င်ရောက်ခါ နာကျည်းမှုများနှင့်အတူ စစ်အစိုးရအား ပုန်ကန် ထကြွချင် စိတ်များ တဖွားဖွား ပေါ်ပေါက်စေ ခဲ့သည်။ 




၁၉၈၈ခုနှစ် သြဂုတ်လ (၈) ရက်နေ့သည် ရုံးဖွင့်ရက်ဖြစ်သဖြင့် ကျွန်တော်တို့ ရုံးတက်ကြ ရသည်။ ရုံးသာတက်ရသည်၊ ဘယ်သူမှ အလုပ်ကို စိတ်မ၀င်စားကြ၊ အထွေထွေ သပိတ်မှောက်ရန် ကြေညာထားသော နေ့ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်ပြီး စိတ်ဝင်စားစွာ ပြောဆိုဝေဖန်မှုများသည် မနက်ကင်တင်းတွင် ထိုင်ချိန်မှာစ၍ ရုံးပေါ်ရောက်သည်အထိ ပြောဆို ဝေဖန်နေကြတုန်းပင်၊ မနက် (၁၀) နာရီခန့်တွင် တောင်ဘက် ရွှေတိဂုံဘုရားလမ်းမှ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “တပါတီစနစ် အလိုမရှိ”၊ “ဒီမိုကရေစီ ချက်ချင်းပေး၊ ချက်ချင်းပေး” စသော ကြွေးကြော်သံများကို ကြားရသဖြင့် ကျွန်တော်တို့သည် ပြူတင်းပေါက်များနားသို့ အလိုလို ရောက်သွားကာ ကြည့်မိကြသည်။ ရှေ့ဆုံးတွင် ခွပ်ဒေါင်းအလံနှင့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို ကိုင်ဆောင်ထားကြသော အဖြူအစိမ်း ကျောင်းဝတ်စုံနှင့် ငယ်ရွယ်သော ကျောင်းသူ၊ ကျောင်းသားများသည် ကြွေးကြော်သံများကို အသံကုန် အော်ဟစ် တိုင်ဖောက်ကာ တက်ကြွစွာ ချီတက် လာကြသည်။ သူတို့ နောက်မှ များစွာသော လူထုကြီး၊ လူထုကြီးနောက်မှ ရဟန်းသံဃာ ပေါင်းများစွာကလည်း ကြွေးကြော်သံများဖြင့် ချီတက်သွားရာ စတီးဝပ်၊ ဂျူပလီလမ်း တလျှောက် နှင့် ကျွန်တော်တို့ စစ်ရုံး ပတ်ပတ်လည်တွင် လူပင်လယ်ကြီး ဖြစ်နေတော့သည်။ ဆန္ဒပြလူထုကြီးသည် ကျွန်တော်တို့ စစ်သားများကို လက်ဝှေ့ရမ်း နှုတ်ဆက်ကြသည်။ “ ပြည်သူ့တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်သားများ ပြည်သူလူထုနဲ့ ပူးပေါင်းပါ၊ ရပ်ကြည့်နေလို့ အမြတ်မရှိဘူး၊ ပြည်သူတွေနဲ့ ပူးပေါင်းမှ ဒီမိုကရေစီရမယ်” စသဖြင့် အော်ဟစ်သွား ကြသည်။ 

ညနေ ရုံးဆင်းချိန်တွင် ကျွန်တော်တို့ အိမ်ပြန်ရန် အခက်ကြုံရ တော့သည်။ ဤမျှ များပြားလှသော လူအုပ်ကြီများ ကြားမှ နေ၍ ကျွန်တော်တို့ အဘယ်သို့ ပြန်ရပါမည်နည်း။ ( ကျွန်တော်တို့ ရုံးသူရုံးသားများကို နေ့စဉ် ဖယ်ရီဖြင့် အကြိုအပို့ လုပ်ပေးသည်။) ကားများ ဘယ်လို ထိုးဖောက်ထွက်နိုင်မည်နည်း။ စစ်သားဆို အမုန်းကြီး မုန်းနေသော လူထုကြီးကို ကျွန်တော်တို့ ထိုးဖောက်သွားဖို့ ခက်နေပြီမဟုတ် ပါလား။ ရုံးဝင်းအတွင်းရှိ လုံခြုံရေး တပ်ဖွဲ့များကတော့ (stand by) အနေအထားဖြင့် အထက်အမိန့်ကို စောင့်နေကြသည်။ မကြာမကြာ ဆိုသလို အသံချဲ့စက်တပ် (TE-11) စစ်ကားများဖြင့် မြို့တွင်းမြို့ပြင်သို့ တစီးပြီး တစီး ထွက်သွား တတ်သည်။ ည (၇) နာရီ ကျော်သည်နှင့် ကျွန်တော်တို့ အိမ်ပြန် ရေးအတွက် စခန်းမှူးဗိုလ်မှူးကြီး ဘဆန်းနှင့် သူ၏ အထက်အရာရှိများက စီစဉ် ပေးသည်။ ဤသို့ဖြင့် ည (၈) နာရီခန့်တွင် ဘရင်းကယ်ရီယာနှင့် လုံခြုံရေးတပ်ဖွဲ့များရှေ့နောက် ခြံရံကာ ဖယ်ရီကား တစ်စီးတွင် လုံခြုံရေးစစ်သား (၄) ယောက် စောင့်ကြပ်၍ အိမ်ပြန်ခရီးကို စခဲ့ရသည်။ 

မင်္ဂလာဒုံတွင် နေသော ကျွန်တော် အပါအ၀င် စစ်မှုထမ်းများသည် (၁၅) စီးသော (BM) ဖယ်ရီကားတန်းဖြင့် အစောင့် အရှောက်များ ခြံရံကာ ရွှေဂုံတိုင်၊ ကမ္ဘာအေး ဘုရားလမ်းအတိုင်း မောင်းနှင်ခဲ့ရာ လမ်းတလျှောက်တွင် ဧရာမ လူအုပ် ကြီးများနှင့် တိုးပါ တော့သည်။ များပြားလှသော လူအုပ်ကြီးသည် ကားသွားနိုင်ရုံ လောက်သာ လမ်းဖွင့် ပေးထားပြီး တဖက်တချက်တွင် ညှပ်ထားသည်။ ကမ္ဘာအေး လမ်းအဆုံး ရှစ်မိုင်၊ မရမ်းကုန်း လမ်းဆုံရောက်သည် အထိပင်။ စစ်သားများကို အန္တရာယ် ပြုဖို့တော့ မဟုတ်ပေ။ ကျွန်တော်ထင်သည်၊ ဤ (၈) ရက်နေ့ည ကျွန်တော်တို့ ပြန်ချိန်အထိ ပြည်သူလူထု သည်စစ်တပ်ကို (တပ်မ ၂၂ မှလွဲ၍) ခါးခါးသီးသီး မမုန်းသေး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူ လူထုကြီးသည် တပ်မတော်သားများကို အားကိုးကြောင်း၊ သူတို့နဲ့ ပူးပေါင်းရန် လိုလားကြောင်း၊ သူတို့၏ အပြုအမူများကို မျက်ဝါးထင်ထင် မြင်လိုက် ရသောကြောင့်ပင် ဖြစ်သည်။ “ပြည်သူ့ တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်နှင့် ပြည်သူ ပူးပေါင်းရေး ဒို့အရေး၊ ဒို့အရေး” ၊ “တပ်မတော်သားများ ကျန်းမာကြပါစေ”၊ စသဖြင့် အော်ဟစ် ကြွေးကြော်ရင်း လက်ခုပ် သြဘာပေးကာ လက်များကို အားရပါးရ ဝှေ့ရမ်းပြ ကြသည်။ 

အချို့ဆိုလျှင် ကျွန်တော်တို့ အပြန်လမ်းကို တမင်စောင့်နေကာ အကအခုန်များဖြင့် ကြိုဆိုကြသည်။ အချို့ဆိုလျှင် ပန်းကုန်းများဖြင့် ပစ်ပေါက်ကြသည်။ ကျွန်တော်တို့လည်း ပြန်၍ လက်များ ဝှေ့ရမ်းပြသည်။ (ကျွန်တော်တို့ကား များတွင် အရာရှိများ လုံးဝမရှိပါ။) သို့သော် လက်များကို လွတ်လွတ်လပ်လပ် အပြင်ထုတ်မပြနိုင်ခဲ့၊ ဂျင်ဂလိအန္တရာယ်ကြောင့် ကားမှန်ပြူတင်းပေါက်များကို ပိတ်ထားရမည် ဟူသော အမိန့်ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ရာ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်းသို့ ရောက်သောအခါ အဆောင်နေ ရဲဘော်များက မြို့တွင်းအခြေအနေကို လာရောက်မေးမြန်းကြသည်။ ည(၁၁) နာရီခန့်တွင် လျှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်ကာ ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့် အခွင့်ကြုံလျှင် ကြုံသလို လူထုအတွင်း ပါဝင်ရန် ဆုံးဖြတ်ကြသည်။ 

နောက်တနေ့ ရုံးအတက်တွင် သတင်းဆိုးများကို ကြားရတော့သည်။ (၈) ရက်နေ့ည (၁၁) နာရီ နှင့် (၁၃) နာရီကြားတွင် ဗိုလ်နေ၀င်း၏ လက်မရွံ့ အာဏာသားများက မြို့တော် ခန်းမအနီး ဆန္ဒပြသူ လူအုပ် အတွင်းသို့ မောင်းပြန် ဂျီးသရီး၊ ဂျီဖိုး များဖြင့် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခြင်း သတင်းပင်။ ကျွန်တော်တို့ တရုံးလုံး (မဆလ ဒေါက်တိုင် များမှလွဲ၍) စိတ်ထိခိုက်စွာ ခံစားကြ ရသည်။ အခြားအဆင့် စစ်သည် other rank များမှအစ အရာရှိ ကြီးများပင် စစ်တပ်၏ လူမဆန်မှုများကို ပစ်ပစ်ခါခါ ဆဲဆိုပြစ်တင် ဝေဖန်ရှုံချ ကြသည်။ ရုံးပတ်ဝန်းကျင် ဘယ်နေရာဘဲ သွားလိုက်သွားလိုက် ဤအသံများကိုသာ ကြားရသည်။ (ဤ အချိန်က ထောက်လှမ်းရေး သူလျှိုများ စိမ့်မ၀င်သေး၊ လွတ်လပ်စွာ ပြောဆိုနိုင်သည်။)၊ (၈) ရက်နေ့ ညက ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုလက်ကမ်းလာသော ပြည်သူလူထုကြီး တရပ်လုံးသည် (၉)ရက်နေ့တွင် စစ်သားဆိုလျှင် အသံကိုပင် မကြား ချင်လောက်အောင် အမုန်းကြီးမုန်း၊ အရွံကြီး ရွံသွားကြလေပြီ။ အချို့ ရပ်ကွက် များမှာဆိုလျှင် စစ်သားမှန်း သိလျှင် ၀ိုင်းအရိုက်ခံ ရသည်။ အချို့ဆိုလျှင် ရပ်ကွက်ထဲမှာ မနေရဲတော့၍ တပ်တွင်းသို့ ပြောင်းနေကြရသည်။

ပြည်သူ့ တပ်မတော် အမည်ခံထားပြီး ပြည်သူ့ဘက်မှ မရပ်တည်ခဲ့သော၊ ပြည်သူကို အကျိုးမပြုခဲ့သော၊ ပြည်သူတို့၏ အားကိုးရာ မဖြစ်ခဲ့သော ကျွန်တော်တို့ တပ်မတော်သားများသည် ငါးခုံးမ တည်းဟူသော လက်မရွံ့ အာဏာသားများကြောင့် လှေကြီး တလှေလုံး ပုတ်ခဲ့ရပြီ၊ ဤ အရေး အခင်း၏ အကျိုးဆက်ကြောင့် ကျွန်တော်တို့ စစ်သားများသည် ပြည်သူလူထု အရပ်သားဝန်ထမ်းများနှင့် ဆက်ဆံရသောအခါ များစွာ မျက်နှာ ငယ်ရပြီး အရှက်ကြီး ရှက်ခဲ့ရသည်။ ကျွန်တော်သည် ဘဏ်များတွင် ငွေသွင်းငွေထုတ်ကိစ္စဖြင့် သွားရလေရာ အခြားဝန်ထမ်း များမဆိုထားနှင့်၊ ကျွန်တော်နှင့် ရင်းနှီးသော စာရေးဝန်ထမ်း များကပင် လိုလားဟန်မပြ၊ လူကို မုန်း၍မဟုတ်၊ စစ်သားဟူသော အမြင်ဖြင့် မုန်းတီးရွံ့ရှာစွာ အကြည့်ခံရသည်။ ငွေစာရင်း ကိစ္စနှင့် ပဲခူးကလပ်ရှိ CMA (ကာကွယ်ရေးငွေစာရင်း ၀န်ရုံး) သို့ သွားရာတွင်လည်း ဤ နည်းနှင်နှင်ပင်။ အချို့ ရင်နှီးသော စာရေးဝန်ထမ်းနှင့် ရုံးအုပ်အရာရှိများက “ဘယ်လိုလဲ ဒီအရေးအခင်းမှာ ခင်ဗျားတို့ ဘာမှ မလှုပ်ရှားဘူးလား၊ ကျောင်းသူကျောင်းသားနဲ့ ပြည်သူလူထု တရပ်လုံးက သတ္တိရှိရှိ တောင်းဆိုမှုတွေ၊ လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေ လုပ်နေကြပြီ၊ ခင်ဗျားတို့လည်း ပါဝင်သင့်ပြီ၊ ပြည်သူဘက်က ရပ်တည်သင့်ပြီ” ဟု ပြောဆိုခြင်း ခံရသည်။ ကျွန်တော်လည်း ရှက်ရှက်ဖြင့် “ အခွင့်အရေးတော့ စောင့်နေတုန်းဘဲ၊ အခုလောလောဆယ် အခြေအနေ မပေးသေးဘူး၊ အခြေအနေ ပေးတာနဲ့ လှုပ်ရှားဖို့ အဆင့်သင့် ပြင်ထားပါတယ်” ဟု ပြောခဲ့ရသည်။ 

ကျွန်တော်တို့သည် ဤသို့လျှင် ပြည်သူလူထု အကြားတွင် မတိုးရဲ၊ မတိုးဝံ့၊ မုန်းတီးရွံရှာသော အကြည့်များကို မခံရဲ၊ မခံဝံ့ဖြင့် အရှက်ကြီးရှက်၊ အခက်ကြီး ခက်ရပေပြီ။ စိတ်ဓာတ်လည်း အကြီးအကျယ် ကျခဲ့ရပြီ၊ ကြည့်ပါအုံးတော့၊ တပ်မတော်သားဆိုတဲ့ ကျွန်တော်တို့ အဖြစ် ရုံးတက်ရုံးဆင်းချိန်တွင် အရပ်ဝတ်ဖြင့် ဆင်းတတ်ရပြီး ရုံးကျမှ ယူနီဖောင်းလဲရသည်။ ဘယ်လောက်ရှက်စရာ ကောင်းပြီး ဘယ်လောက်ရယ်စရာ ကောင်းပါသလဲ၊ ရှက်စရာ ကောင်းပြီး ရယ်စရာ ကောင်းတာကတော့ အရပ်ဝတ်ဝတ်ပြီး BM စစ်ဖယ်ရီများဖြင့် ရုံးတက် ရုံးဆင်းရခြင်းပင်၊ ပြည်သူလူထု၏ စူးစမ်း၊ ထူးဆန်းသော အကြည့်၊ လှောင်ရီ ထေ့ငေါ့သော မျက်နှာပေး များကို မမြင်ချင် ဆောင်ထားရသည်။ “အခုမှ ကြောက်နေပြီလား” ဆိုသော အသံများ ကိုလည်း ကြားရသည်။ စစ်ရုံးမှ စစ်သားများ ဖယ်ရီတွေ တသီ တတန်းကြီးဖြင့် ရုံးတက် ရုံးဆင်းကြမှန်း ရန်ကုန် တမြို့လုံးက ပြည်သူတွေ သိနေကြပြီ။ အော်... ပြည်သူတွေ ဘက်မှ အစဉ်ရပ်တည်နေပါသည်ဆိုသော တပ်မတော်သည် ယခုအခါ တွင် ပြည်သူတွေ ကြားတွင် မ၀ံ့မရဲဖြင့် ခိုးကြောင် ခိုးဝှက် သွားလာ နေကြရပြီ၊ ရင်နာ စရာကြေ ကွဲစရာ ကောင်းလေစွ။ 

ပြည်သူလူထုရဲ့  လှိုက်လှဲစွာ ကြိုဆိုမှုနဲ့ ကြည်နူးဝမ်းသာ မျက်ရည်များ တွေတွေ စီးကျခဲ့ရပုံ၊ တပ်မတော် (လေ) ရဲ့ ရှစ်လေးလုံး လှုပ်ရှား ခဲ့ပုံတွေကို အပိုင်း(၂) မှာ ဆက်လက်တင်ပြ သွားပါမယ်။

စစ်တပ်နဲ့ နိုင်ငံရေး


ရဲဘော် ဖိုးသံချောင်းရဲ့  စစ်တပ်နဲ့ နိုင်ငံရေးဆိုတဲ့ စာအုပ်ထဲက ဆောင်းပါး တပုဒ်ကို စာဖတ်သူတွေ အတွက် ကျွန်တော် ကိုဖိုးတရုတ်မှ တင်ဆက်ပေးလိုက် ပါတယ်။ ဒီဆောင်းပါးကို DVB မှာ အသံလွှင့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်” ရမယ် ဆိုတာကို ရဲဘော် ဖိုးသံချောင်းက ထောက်ပြသွားပါတယ်။

အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့ - အပိုင်း(၁) 

ဆောင်းပါးရှင် - ရဲဘော် ဖိုးသံချောင်း 

 လက်ရှိ အခြေအနေမှာ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ တပ်မတော်သားများရဲ့ လက်ထဲမှာ ရှိနေသလို ဖြစ်နေပါပြီ။ ဒါကြောင့် စဉ်းစားကြဖို့ အချက် (၂) ချက်ကို ကျွန်တော်တို့ တင်ပြချင် ပါတယ်။ 

ပထမအချက်က နိုင်ငံရေး အလုပ်ကို နိုင်ငံရေးသမားတွေရဲ့  လက်ထဲထားလို့ မဖြစ်ဘူး။ စစ်တပ်က ၀င်လုပ်မှ ဖြစ်မယ်။ မလုပ်ရင် တိုင်းပြည် ပြိုကွဲမယ်ဆိုပြီး စစ်တပ်က နိုင်ငံရေးဝင်လုပ် ခဲ့တာ ကြာပါပြီ။ နှစ်ပေါင်း (၄၀) တောင် ကျော်ခဲ့ပါပြီ။ အဲဒီလိုလုပ်တော့ တိုင်းပြည် ဘာဖြစ်သွားသလဲ။ ပိုကောင်းသွားသလား၊ ပိုဆိုးသွား သလား။ 



ဒုတိယ အချက်ဒီလို စစ်တပ်က နိုင်ငံရေးလုပ်ခဲ့လို့ တပ်မတော် စည်းလုံးညီညွတ်ရေး ပိုကောင်းလာသလား။ ပျက်သွားသလား။ ကမ္ဘာမှာ ဗမာပြည်လို စစ်တပ်အတွင်း အုပ်စုလိုက် ဖယ်ရှားရ၊ အရေးယူ ရတာမျိုး မရှိဘူးမဟုတ်၊ ရှိပါတယ်။ အဲဒါဟာ တချိန်က အာဂျင်တီးနားလို စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံမျိုးတွေ မှာပါ။ အင်ဒိုနီးရှားမှာ ဆူဟာတို အာဏာ သိမ်းတော့လည်း မျိုးချစ်ပြည်ချစ် တပ်မှူးတွေကို အုံလိုက်ကျင်းလိုက် ဖမ်းခဲ့ ဖြုတ်ခဲ့ ပါတယ်။ 

ဒါကြောင့် ဒီနှစ်ချက်ကို လေးလေးနက်နက် စဉ်းစားကြစေချင်ပါတယ်။ ကျွန်တော်တို့ အမြင်ကို ပြောပါမယ်။ 


နိုင်ငံရေးအလုပ် နိုင်ငံရေးသမားတွေ လက်ထဲ မထားချင်တဲ့ အတွေးအခေါ်ဟာ ၁၉၆၂ ခုနှစ်ကမှ စခဲ့တာ မဟုတ်ပါဘူး။ အစောကြီးကတည်းက စစ်ခေါင်းဆောင်တွေထဲရှိတဲ့ အတွေးအခေါ်ပါ။ အဲဒီအတွေးအခေါ်နဲ့ပဲ အာဏာရ နိုင်ငံရေးပါတီ (ဖဆပလ) ကို စစ်ဗိုလ်တွေက ဘေးကနေ ကြိုးကိုင်ခဲ့ပါတယ်။ ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့လို့ ဘေးကနေ အမိန့်ပေးနေခဲ့တာပါ။ အဲဒီလို နိုင်ငံရေးထဲ ၀င်ရှုပ်လို့ အာဏာရပါတီ ဖြစ်တဲ့ ဖဆပလ ကွဲသွားတာပါ။ နိုင်ငံရေးပါတီကွဲတော့ “အိမ်စောင့်ပေးမယ်၊ တို့ အစိုးရ၀င်လုပ်မယ်” ဖြစ်လာပါတယ်။ အဲဒီ အိမ်စောင့်ပေးခဲ့တဲ့ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အခု ဘယ်ရောက်နေပြီလဲ။ အတိုက်အခံ နိုင်ငံရေး သမား ဖြစ်နေပါပြီ။ 

၁၉၆၀ ရွေးကောက်ပွဲနိုင် အာဏာရပါတီ (ပထစ) ကိုကျတော့ ၁၉၆၂ ခုနှစ်မှာ “မင်းဖယ်ပေး၊ ငါလုပ်မယ်” ဆိုပြီး အစိုးရ တက်လုပ်ပါတယ်။ အိမ်စောင့်တာ မဟုတ်တော့ပါဘူး။ အိမ်ကို သိမ်းလိုက်တာပါ။ အဲဒီ ဗိုလ်မှူးကြီးတွေကော အခုဘယ်ရောက်နေပြီလဲ။ အတိုက်အခံ နိုင်ငံရေးသမားတွေ ဖြစ်နေပါပြီ။

န၀တဆိုပြီး အာဏာလွှဲယူခဲ့ကြတဲ့ ဒု - ဗိုလ်မှူးကြီးတွေကော အခု ဘယ်ရောက်ကုန်ပြီလဲ။ သူတို့ဟာ အတိုက်အခံ နိုင်ငံရေးကို ဗြောင်လုပ်ခွင့်မရလို့ တိုးတိုးတိတ်တိတ် အတိုက်အခံ နိုင်ငံရေး လုပ်နေကြပါပြီ။ ဗိုလ်သန်းရွှေ အကြောင်း ကျွန်တော်တို့ တစွန်းတစ သိရတာတွေက သူတို့ဆီက ရတာပါ။

အခု ဗိုလ်ခင်ညွှန့်အစုကို ထောင်ထဲ ထည့်လိုက်ပြီ။ သူတို့ဆီက ဗိုလ်သန်းရွှေနဲ့ သူ့မီးဖိုချောင် ကက်ဘိနက် အကြောင်း ကျွန်တော်တို့ ပိုပြီး သိလာရဦးမှာပါ။ 

ဦးနေ၀င်းလက်ထက်တုန်းက တိုင်းခန်းလှည့်တဲ့အခါ ဒေါ်ခင်မေသန်း ပါလေ့မရှိပါဘူး။ သတင်းစာထဲမှာ ဦးနေ၀င်းနဲ့ တွဲလျက် ဓာတ်ပုံပါဖို့တော့ ဝေးရော။ ဒေါ်ခင်မေသန်းက မီးဖိုချောင် ကက်ဘိနက် အလုပ်ကို အိမ်တွင်းမှာပဲ ပိပိရိရိ လုပ်ပါတယ်။ အခု ဗိုလ်သန်းရွှေကတော့ တအိမ်ထောင်လုံး တိုင်းခန်းလှည့်ရာ ပါတယ်။ သတင်းစာက မျက်နှာဖုံးမှာ ဖော်ပြတယ်။ သူတို့ မရှက်ကြဘူးလား။ သတင်းစာဖတ် ပရိသတ်က ဘယ်လို သဘောထားကြမလဲဆိုတာ သူတို့ မစဉ်းစားမိဘူးလားမသိဘူး။

ဗိုလ်သန်းရွှေ ဘာကြောင့် အဲဒီလို အောက်ခြေ လွတ်သွားတာလဲ။ ဗိုလ်သန်းရွှေရဲ့  အရင်သမိုင်းမှာ ဒီလို မကြားရဖူးပါဘူး။ ရှင်းရှင်းပြောရရင် အခု သူ့ကို အာဏာက ဖျက်ဆီးလိုက်တာပါဘဲ။ 

ဒီနေ့ အတိုက်အခံ နိုင်ငံရေးသမားတွေ စာရင်းချကြည့်ပါ။ ဘယ်သူတွေလဲ။ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ NLD မှာ စစ်ဗိုလ်ကြီးတွေ ချည်းလောက်ပဲ။ “တစည” ပါတီထဲမှာ လည်း စစ်ဗိုလ်ကြီးတွေ ချည်းပါဘဲ။ နောင်လည်း အတိုက်အခံ စစ်ဗိုလ်တွေ တိုးလာဦးမှာပါ။ ဒီတခါ တိုးမှာက သက်ကြီး ရယ်အိုတွေ မဟုတ်ဘူး။ အရွယ်ကောင်း အားကောင်းမောင်းသန် ဗိုလ်မှူးအောင်လင်းထွဋ် (ငြိမ်း) လို စစ်ဗိုလ်တွေ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ သဘောထားက “မိမိကိုယ်ကို လူထုထံ ပုံအပ်ရင် သန်းရွှေ စစ်အုပ်စု အကြောင်း သိသမျှ ဖွင့်ပြောရင်” ဘယ်သူ့ကိုမဆို ကြိုဆိုမှာပဲ။ တိုင်းချစ်ပြည်ချစ် စာရင်းဝင်မှာပဲ။ မျက်မှောက် အခြေအနေအရ တိုင်းပြည်အတွက် အရေးကြီးနေလို့ ဂိုဏ်းဂဏမထားဘဲ စည်းလုံးကြရမှာပါ။ ဒီနေ့ ကာလဟာ ပြည်သူလူထုအပေါ် ပြစ်ဒဏ်ကျူးလွန်ဖူးသူတွေ ခ၀ါချဖို့ အချိန်ကောင်းတခု ဖြစ်ပါတယ်။ 

စစ်ဗိုလ်တွေ အာဏာကိုင်ထားရင် အတိုက်အခံထဲမှာ စစ်ဗိုလ်ဟောင်းတွေ များလာမှာပဲ ဆိုတာကလည်း ဓမ္မတာ တရားတခုပါ။ ဒီတရား နှစ်ခုကို ဗိုလ်သန်းရွှေ စစ်အုပ်စု မလွန်ဆန်နိုင်ပါဘူး။

နိုင်ငံရေးလုပ်ငန်းမှာ နိုင်ငံရေးသမားတွေ လုပ်ခွင့်ရတာ လွန်ရော ကျွံရော ၁၀ နှစ်သာသာပါ။ အဲဒီ ၁၀ နှစ်မှာ အာဏာရပါတီကို အတိုက်အခံ ပါတီက ပွင့်ပွင့်လင်းလင်း ဝေဖန်ပါတယ်။ ထိုးနှက်ပါတယ်။ အာဏာရှိနေတာ ပဲ ဆိုပြီး ထင်ရာစိုင်းလို့ မရပါဘူး။ ရွေးကောက်ပွဲဝင်ပြီး လူထု အဆုံးအဖြတ်ခံရပါတယ်။ ဖဆပလ ကွဲတာဟာ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ မဲရှုံးလို့ ဖဆပလတွင်း ဝေဖန်ရေးလုပ်ရင်းက ကိုယ့်ကိုယ်ကို စစ်ဆေးရင်းက ကွဲတာပါ။ စစ်အုပ်စုက ၀င်မရှုပ်ရင် ဗမာပြည်ရဲ့ နိုင်ငံရေးက ဒီမိုကရေစီစနစ်နဲ့ အသားကျ သွားမှာပါ။ 

ဖဆပလ အာဏာရ ပါတီက အာဏာမဲ့ အတိုက် အခံကို ဖိနှိပ်တာ ရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်း အစိုးရက ဖိနှိပ်တာလောက် မပြင်းထန်ပါဘူး။ စစ်အာဏာသိမ်း အစိုးရကတော့ ကြာလေကြမ်းလေပါ။ မဆလ ခေတ်နဲ့ န၀တ ခေတ်တောင် မတူပါဘူး။ န၀တ ခေတ်နဲ့ နအဖ ခေတ်လည်း မတူပါဘူး။ ကြာလေ ကြမ်းလေပါ။ 

နိုင်ငံရေးပါတီမှာ ပါတီတွင်း ဒီမိုကရေစီ ရှိပါတယ်။ အထိန်းအချုပ် ရှိပါတယ်။ စစ်တပ်မှာ ဒီမိုကရေစီ မရှိပါဘူး။ ဗျူရိုကရေစီပဲ ရှိပါတယ်။ စစ်တပ်တိုင်း ဒီအတိုင်း ဖြစ်ရမှာ ဓမ္မတာပါ။ ဒါပေမဲ့ သူ့ရဲ့  အထက်မှာ အာဏာရ ပါတီ အစိုးရ တခု ရှိနေပြီး ထိန်းကွပ်ပေးနေတာ ရှိရပါတယ်လို့ တင်ပြလိုက်ရပါတယ်။

စစ်တပ်နဲ့ နိုင်ငံရေး - အပိုင်း(၂)


ဒီနေ့မှာတော့ ရဲဘော် ဖိုးသံချောင်းရဲ့  ဒုတိယပိုင်း ဆောင်းပါးကို စာဖတ်ပရိသတ်များအတွက် ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။ 

အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့ - အပိုင်း(၂) 

ဆောင်းပါးရှင် - ရဲဘော် ဖိုးသံချောင်း

ဗိုလ်နေ၀င်း အရာကျသွားတော့ သူနဲ့အတူ သူ့ကျွန်ယုံတော်တွေကို ခေါ်ဆင်းသွားပါတယ်။ သူ့အမွေကို ဆက်ခံဖို့ (၂) ပိုင်းခွဲလိုက်ပါတယ်။ လူထုအုံကြွမှု ရှိနေတုန်း အမွေခွဲရလို့ (၂) ပိုင်း ခွဲတာပါ။ 

အဲဒီအမွေ (၂) ပိုင်းက အာဏာ အမွေနဲ့ နိုင်ငံရေးအမွေပါ။

စစ်တပ်ကို ကိုင်ထားသူကမှ အာဏာအမွေကို ထိန်းနိုင်မှာ ဖြစ်လို့ ဗိုလ်စောမောင်ကို န၀တ ဖွဲ့ပေးပြီး အာဏာ အမွေ ပေးပါတယ်။ 


 ဘာတွေလဲ....

စစ်တပ်က အငြိမ်းစားယူထားတဲ့ သူတွေကိုတော့ နိုင်ငံရေး အမွေ ပေးပါတယ်။ နိုင်ငံရေး အမွေ ရလိုက်သူတွေ ကလည်း ထင်တလုံးနဲ့ အမွေကို လိုလိုချင်ချင် လက်ခံပါတယ်။ တစည ဖွဲ့ပါတယ်။

ဗိုလ်စောမောင် လုပ်ပေးတဲ့ ရွေးကောက်ပွဲပြီးရင် သူတို့ဟာ အာဏာအမွေကိုပါ ရမှာပဲလို့ ထင်နေခဲ့ ပါတယ်။ဗိုလ်စောမောင်ကလည်း စကားတွေ အလွန်အကျွံ ပြောနေတာ ဒီလိုပဲ ဖြစ်မယ်ထင် လို့ပါ။ တစည နိုင်မယ်ထင်နေတာပါ။ နေ၀င်းကလည်း အဲဒီလိုပဲ ထင်နေလို့ ဗိုလ်စောမောင် စကားကျွံနေတာတွေကို လွှတ်ပေးထား ပါတယ်။ 

ဒါပေမဲ့ ဖြစ်ချင်တော့ ထင်သလို ဖြစ်မလာပါဘူး။ နှမ်းထွက် မကိုက် ဖြစ်လာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကို ကိုင်လာရတယ်။ ဗိုလ်စောမောင်ကို အရူးဆိုပြီး အပုပ်ချ စတေးပစ်ရတယ်။ တစညသာ နိုင်ကြည့်ပါလား။ ဘာဖြစ်မလဲ။ လွှတ်တော် အမြန်ခေါ် ပေးမယ်။ ဆိုင်းနေမှာ မဟုတ်ဘူး။ လွှတ်တော်က ၁၉၇၄ အခြေခံဥပဒေ ကို နည်းနည်းပါးပါး ပြင်မယ်။ ဗိုလ်စောမောင်ကလည်း စစ်တန်းလျား ပြန်မယ်။ 

ထင်သလို ဖြစ်မလာတော့ န၀တ စစ်အုပ်စုက အကြံထုတ်တယ်။ NLD ကတော့ အောင်မြင်မှုနဲ့ ယစ်မူးနေတယ်။ ရှေ့က လူကြီးတွေ (၀ါရင့်တွေ) မလုပ်ခဲ့တဲ့ လမ်း၊ “ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးလမ်း” ငါတို့ လုပ်ပြလိုက်ပြီဆိုပြီး အောင်မြင်မှုနဲ့ ယစ်မူးတယ်။ ပြည်ပကလည်း အစွမ်းကုန် ချီးမြှင့်တယ်။ မြှောက်စားတယ်။ အဲဒီလိုနဲ့ ၁၅ နှစ် ရှိလာသည်အထိ အာဏာက တဖ၀ါးမှ မခွာဘူးဆိုတဲ့ ပြတ်သားတဲ့လူက အသာစီးရသွားတာပဲ။ ကျွန်တော်တို့က ဒီပွဲဟာ NLD ရဲ့  ပွဲဆိုပြီး နေလာခဲ့ တာပါ။ ပြောချင်တာရှိလည်း ပွဲဖျက်တယ် ထင်မှာ စိုးလို့ မပြောဘဲ နေပါတယ်။ အခု ပြောဖို့ ဖြစ်လာတာကလည်း NLD ကို တင်းခံမနေနဲ့၊ လျှော့ပေးလိုက်လို့ ဘေးက လှည်းမောင်းသမားတွေက ပြောလာတာတွေ များလာလို့ပဲ။ စပြောတာက နိုင်ငံခြားသား ဆရာကြီးတွေပါ။ တချို့က ဗမာပြည်ရေးရာ ပါရဂူလို့ အမည်ခံထား ပါတယ်။ သူတို့က “လွန်ခဲ့တဲ့ ၁၈ နှစ်က ရွေးကောက်ပွဲ ကိစ္စမျိုးကို ကမ္ဘာမှာ ဘယ်သူမှ ပြောလေ့မရှိဘူး” ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောပါတယ်။ 

ဆရာကြီးတွေရဲ့လေကို နင်းလိုက်သူ တချို့ကတော့ “လက်တွေ့ကျရမယ်” လို့ပြောတယ်။ တချို့က ကလေးတွေ အရုပ်လုတာလို့ သဘောထားပြီး တယောက်တလှည့်စီ ကစားကြတာပေါ့ ဆိုတာမျိုးနဲ့ နအဖကို အာဏာ (ရွေးကောက်ပွဲတပါတ်စာ) တော့ ပေးလိုက်ပါလို့ ပြောတယ်။ အဓိပ္ပါယ်က ၁၀၄ ချက်ကို ခြွင်းချက်နဲ့ အတည်ပြုပေးဖို့ပါပဲ။ 

ဗိုလ်နေ၀င်း ဆိုရှယ်လစ် စစ်အုပ်စုကို ၁၉၅၈ တုန်းက “အာဏာ” ခဏ ပေးကိုင်လိုက်တဲ့ အဖြစ်ကို သင်ခန်းစာ ယူနိုင်ကြသေးဟန် မတူပါဘူး။ နိုင်ငံရေး အာဏာဟာ အငိုတိတ်အောင် ခဏပေးကိုင်ရမဲ့ ကလေးကစားတဲ့ အရုပ်မဟုတ်ဘူး။ တိုင်းပြည်ရဲ့  သေရေးရှင်ရေးကို အပ်ထားရတာ ဖြစ်တယ်။ ကမ္ဘာကြီးက တည်ငြိမ်နေတာ မဟုတ်ဘူး။ အန္တရာယ်များပါတယ်။ စစ်အာဏာရှုးတွေကြောင့် စစ်ဖြစ်မှာ မကြောက်ဘူးလား။ စစ်ကြီးထဲ ညှပ်ပါသွားမှာ မကြောက်ဘူးလား။ ခဏပဲဖြစ်ဖြစ်၊ ရေရှည်ဘဲ ဖြစ်ဖြစ် မအပ်သင့်သူရဲ့  လက်ကိုတော့ အပ်လို့ မဖြစ်ပါဘူး။

ကိုယ်က မအပ်လည်း သူတို့ (စစ်အုပ်စု)က လုထားတာ ပဲဆိုတဲ့ စဉ်းစားချက်နဲ့ ပြောတာဆိုရင်တော့ အညွန့် တုံးတယ်လို့ပဲ ပြောပါရစေ။ 

ကိုယ့်အခက်ပဲ မြင်ပြီး သူ့အခက်ကို မမြင်ရင် အလျှော့ပေးရေး ဖြစ်တတ်ပါတယ်။ နိုင်ငံခြားဆရာကြီးတွေ လက်တွေ့ကျတာကို လိုက်ပြီး ကိုယ်က “လက်တွေ့ကျ” မိရင် ကိုယ်က သူတို့လိုမဟုတ်တော့ အရှုံးပေးရေး ၀ါဒီ ပဲ ဖြစ်သွားမှာပါ။ သူတို့က မှားလည်း သူများနိုင်ငံနဲ့ သူများ နိုင်ငံသားတွေ ခံရတာပဲ၊ ကိုယ်ခံရတာ မဟုတ်ဘူး လို့ သဘောထားတာပါ။ ကိုယ်ကတော့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်မိဘ ပြည်သူတွေရဲ့ အရေး ဖြစ်နေပါတယ်။ မတတ်ပဲနဲ့ သူများ ရေဒီယို ပြင်သူ လို မှားလည်း သင်ခန်းစာ ရတာပေါ့လို့ သဘောထားလို့ မဖြစ်ပါ။ 

စစ်အာဏာ သိမ်း အစိုးရမှာ အထိန်းအကွပ် မရှိပါဘူး။ သူပဲ အစိုးရ အကြီးအကဲ၊ သူပဲ ကာကွယ်ရေးဝန်ကြီး၊ သူပဲ စစ်တပ်ဦးစီးချုပ် လုပ်နေတာပါ။ အဲဒီတော့ ကမောက်ကမတွေဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း ကိုင် ဖြစ်ရတာပါပဲ။

ဗိုလ်သန်းရွှေကို ကြည့်ပါ။ နိုင်ငံတော်အကြီးအကဲ လုပ်တယ်။ စစ်ဦးစီးချုပ်လုပ်တယ်။ ကာကွယ်ရေး ၀န်ကြီးလုပ်တယ်။ အဲဒီတော့ ကမောက်ကမ ဖြစ်တာပါပဲ။ နအဖ အစိုးရ တန်းစီ ဇယားမှာ ကာကွယ်ရေး ၀န်ကြီးကို ရှေ့ ဆုံးမှာ ထားရတာဖြစ်လာပြီး ၀န်ကြီးချုပ်က နောက်က နေရတာ ဖြစ်ရရော မဟုတ်လား။ ကာကွယ်ရေး ၀န်ကြီးနေရာ သူများ ပေးလို့လည်း မဖြစ်ဖူးလေ။ ကာကွယ်ရေး ၀န်ကြီး လက်အောက်က စစ်ဦးစီးချုပ် နေရာကို ယူထားမှ စစ်တပ်တခုလုံးကို ကိုင်နိုင် အမိန့်ပေးနိုင်မှာ မဟုတ်လား။ အဲဒီ ကမောက်ကမ ဒီမှာတင် ရပ်နေတာ မဟုတ်ဘူး။ ရေးဆွဲနေတဲ့ အခြေခံဥပဒေမှာ ပါလာနေပြီး အလိုတော်ရိ ဥပဒေ ပညာရှင် တွေဟာ အခြေခံ ဥပဒေကို ပြေပြစ်အောင် ရေးဖို့ အတော် ခေါင်းခဲနေရပါတယ်။ သမ္မတဖြစ်သွားမဲ့ စစ်ဦးစီးချုပ် (အဟောင်း) နဲ့ နောက်တက်လာမဲ့ စစ်ဦးစီးချုပ် (အသစ်)ကို အာဏာခွဲဝေပေးရာမှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရေးရခက်နေတယ်လို့ ဆိုပါတယ်။ 

ညောင်နှစ်ပင်က ပေါ်ထွက်လာတဲ့ အခြေခံ ဥပေဒေဆိုတာ ကမောက်ကမ လူရယ်စရာကြီး ဖြစ်ပြီး ကမ္ဘာ့ဗိုလ်ပုံ အလယ်မှာ အရှက်ကွဲနေပါတယ်။ နှစ်တွေ ဆယ်စုနှစ် ချီပြီး ဖီးလိမ်း ပြင်ဆင်လိုက်တာ ထွက်လာတော့လည်း “ကြက်တောင် စီး” နဲ့ ဆိုသလို ဖြစ်နေပါတယ်။ စစ်တပ်က စစ်တပ် အလုပ်ကို မလုပ်ဘဲ နိုင်ငံရေး အလုပ် လုပ်နေလို့ ခက်နေတာပါ။ နိုင်ငံရေးသမား ကွဲလို့ က တိုင်းပြည် မနာပါဘူး။ သူတို့ အတွင်းရေး သိရလို့ ပျော်စရာ ကြီးတောင် ဖြစ်ရပါတယ်။ ဖဆပလ အကွဲ မှီလိုက်သူတွေ သိကြပါတယ်။ အာဏာရ နိုင်ငံရေးပါတီ ကွဲရင် လူထုက ပညာရတယ်။ အာဏာရ စစ်တပ်ကွဲရင်တော့ ပြည်တွင်း စစ်ဘဲ ရမှာပါ။ ဗိုလ်သန်းရွှေ စစ်အုပ်စု က နိုင်ငံရေးသမားတွေရဲ့  ဂိုဏ်းဂဏကြောင့် တိုင်းပြည် နစ်နာတယ်လို့ ပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံရေး သမားတွေ အနေနဲ့ ပြည်တွင်း စစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်လိုက်တိုင်း စစ်တပ်က ကြားဝင်ဖျက်လိုက်တာ ချည်းပါဘဲ။ ဖဆပလ ကွဲတာဟာ SAMB ရဲ့  ဆန်ကိစ္စမှာ အခြေခံတာ ဖြစ်ပါတယ်။ အခုလည်း ထောက်လှမ်းရေး ပြိုကွဲအရေးယူခံရတဲ့ ကိစ္စက GSM တယ်လီဖုန်းကိစ္စလို့ ပြောနိုင်ပါတယ်။ ဒီလက်ကိုင်ဖုန်းလုပ်ငန်းဟာ ဗမာပြည်မှာ အာဏာရ စစ်ဗိုလ် အသိုင်းအ၀ိုင်းနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ စန္ဒာဝင်း လက်ထက်တုန်းက ရဲလှိုင်ဝင်းတို့ရဲ့  စားပေါက်ဖြစ်ပြီး ယခု ဗိုလ်သန်းရွှေ လက်ထက်မှာတော့ ထူးထရေးဒင်းက တေဇရဲ့  စားကွက်ဖြစ်သွား ပါပြီ။ စားခွက် လုပွဲတွေနဲ့ အာဏာ လုပွဲ သဏ္ဍန် တွေ ဆက်ဖြစ်နေပြီး စစ်အုပ်စု အတွင်းက ပဋိပက္ခဟာ ပြည်တွင်းစစ် ဆီကို ရောက်သွားနိုင် ပါတယ်။ တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေ အနေနဲ့ ပြည်တွင်း စစ်မဖြစ်အောင်နဲ့ ပြည်သူ့လက်ထဲကို အာဏာ ပြန်ရောက်ဖို့ ဒီနေ့ အတွက် အရေးကြီးဆုံး ဆိုတာကို ပြောချင်ပါတယ်။

NLD ခေါင်းဆောင်မှု၊ ပြည်သူလူထု ပါဝင်မှုနဲ့ တပ်မတော် ထဲက အမျှော်အမြင် ရှိသူ တွေ ပေါင်းစည်းရ ပါမယ်။ စေ့စပ် ဆွေးနွေးပွဲ ဘယ်လိုမှ မဖြစ်တော့တာ သေချာရင် NLD မျိုးဆက်သစ် ခေါင်းဆောင် အစုကသာ ဒီမိုကရေစီအလံကို သယ်ဆောင်ဖို့ သင့်ပါတယ်။ အဘိုးကြီးတွေနဲ့ မဖြစ်ပါဘူး။ မသကာလို့ လက်နက်ကိုင် တိုက်ပွဲ ပြန်လုပ်ရလဲ ဒီမိုကရေစီ အရေးအတွက် တိုက်ဝံ့ပါတယ်။ တိုက်နိုင်ပါတယ်။ တိုက်တတ်ပါတယ်။ ငြိမ်းချမ်းစွာ ကူးပြောင်းရေးကို လိုချင်လွန်းလို့ စေ့စပ်ရေးတံခါး တွန်းဖွင့်ဖို့ တင်ပြနေကြ တာပါ။ တွန်းဖွင့်နိုင်သူ တွေဟာ NLD၊ လူထုနဲ့ အမြော်အမြင်ရှိတဲ့ တပ်မတော်သားတွေသာ ဖြစ်ပါတယ် ဆိုတာ တင်ပြလိုက် ရပါတယ်။

အိမ်တွင်း လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး-အပိုင်း(၂)


စာဖတ်ပရိသတ်များခင်ဗျား -


“လူခင်ရင် မူ ပြင်”၊ “လူမုန်းရင် မူ သုံး” ၊ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ ယနေ့ စစ်အာဏာရှင်တွေရဲ့ အတွင်း သရုပ်အမှန်ကို ကိုအောင်မင်းရဲ့ဆောင်းပါးမှာ ယခုလို ဆက်လက် တင်ပြထား ပါတယ်။ နောက်ရက် တွေမှာလည်း ကျွန်တော် ကိုဖိုးတရုတ်က ဖြစ်ရပ်မှန် ကိုယ်တွေ့ ဇာတ်လမ်းတွေနဲ့ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အထူး အစီအစဉ်များကို စာဖတ် ပရိသတ်များအား ထူးထူးခြားခြား တင်ဆက်ပေး သွားပါမယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ညီအကိုချင်းတော်စပ်သူ ဗိုလ်မှူးကြီးတစ်ဦး၏ အိမ်တွင်းလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး - အပိုင်း(၂) 

ဆောင်းပါးရှင် - အောင်မင်း 

စာဖတ်ပရိသတ်များခင်ဗျား -အလောင်းဖျောက်ဖျက် မှုအတွက် ကြားထဲက အချောင် အချုပ်ခံနေရတဲ့ ဦးပြုံးချိုဟာ အချုပ်ခန်းထဲမှာ တရားထိုင် ပုတီးစိပ်နေပြီး အာမခံနဲ့ လွတ်လာတဲ့ အခါမှာလည်း ဘုန်းကြီး ၀တ်လိုက်ပါ တော့တယ်။ အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်းဟာ အဲဒီလူသတ်မှု ကိစ္စကို ၀န်ထမ်းတွေ အုတ်အော်သောင်းနင်း ပြောဆိုနေ ကြတဲ့အချိန်မှာ ဗိုလ်မှူးကြီး စိုးရီကို ဥပဒေအရ ထိုက်သင့်သလို အရေးယူ အပြစ်ပေးရမဲ့အစား မသိကျိုးကျွံ ပြုနေတဲ့အတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။ ၀န်ထမ်းတွေ ဟာလည်း အဲဒီကိစ္စအတွက် မကြေမနပ် ဖြစ်နေ ကြပါတယ်။ အနည်းဆုံးတော့ ဗိုလ်မှူးကြီး စိုးရီကို စက်မှု(၁) မှာ အကောင်းဆုံး ဌာနဖြစ်တဲ့ မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်းကနေ အခြား တစ်နေရာကို ပြောင်းပေး လိမ့်မယ်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့ ၀န်ကြီး ဦးအောင်သောင်းနဲ့ ဗိုလ်မှူးကြီး စိုးရီရဲ့  အကိုအရင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ဟာ တစ်ပတ်စဉ်ထဲ ဆင်းတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က မန္တလေးတိုင်း ဧရိယာမှာ ဦးအောင်သောင်းနဲ့ စီးပွား ဘက်အဖြစ် ဆက်ဆံခဲ့ ကြောင်းလည်း သိရပါတယ်။ အလားတူ ဆောက်လုပ်ရေး ကုမ္ပဏီရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့သားကို ဦးအောင်သောင်းဟာ အမှတ်(၁) စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ တည်ဆောက် ရေးတွေမှာ ကန်ထရိုက် ပေးထားတာလည်း ရှိပါတယ်။ ဒါကြောင့် တိုင်းပြည် ဘဏ္ဍာငွေကို အချင်းချင်း မျှဝေအလွဲသုံးစား လုပ်ကြသူများ ပီပီ လူသတ်မှုနဲ့ အလောင်း ဖျောက်ဖျက်မှုအား မသိကျိုးကျွံ ပြုခဲ့ခြင်း ဖြစ်ပါတယ်။ လူ့အသက်ကို တိရိစ္ဆာန် တစ်ကောင်လောက်တောင် တန်ဖိုးမထားဘဲ “မြေနိမ့်ရာ လှံစိုက်” တဲ့ စစ်အာဏာ ရှင်တွေရဲ့ အတွင်းသရုပ် ဖြစ်ပါတယ်။ 

 အငြိမ်းစားပေး မခံရခင်က ဆရာကြီးလုပ်နေတဲ့ ရဲမြင့်ကြီး


ဝန်ကြီး ဦးအောင်သောင်းဟာ ဂုဏ်သိက္ခာမရှိတဲ့သူ၊ အထက် အာဏာပိုင်တွေကို ကြံဖန် အမှတ်ယူ တတ်သူ ပီပီ လူသတ်မှု ကိစ္စကို မကိုင်တွယ်ခြင်း ဖြစ်ပါတယ်။ စက်မှု(၁) လေးလပတ် အစည်းအဝေးတွေမှာ စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု၊ ကုန်ကြမ်းနဲ့ စွမ်းအင်လိုအပ်ချက်တွေကို အလေးအနက်ထားပြီး ဖြည့်ဆည်း ဆွေးနွေး ရမဲ့အစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြိုက်လိုက်ကာ ဒေါ်အောင်ဆန်းစုကြည် အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်၍ နိုင်ငံရေး စကားများကိုသာ ပြောဆိုနေ ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ အတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းစွာ နေထိုင် ရမယ်ဆိုတဲ့ မူကို မျက်ကွယ်ပြုပြီး ၀န်ထမ်းတွေကို သွေးထိုး စည်းရုံးနေသူ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  “င လေးလုံး ရှောင်” ဆောင်ပုဒ်မှာ ပါတဲ့ “ငါ့ အတွက်၊ ငါ့ သားသမီး အတွက်၊ ငါ့ မိန်းမအတွက်၊ ငါ့ အမျိုးအတွက်” မပြုလုပ်ရဆိုတဲ့ စာတမ်းကို ၀န်ကြီးဌာနတွေမှာ ကပ်ထားပေမဲ့ ၀န်ကြီး ဦးအောင်သောင်း ကတော့ “င လေးလုံး” ကို ဆောင်နေပါတယ်။ “ငါ့ အမျိုးအတွက် ငါ ၀န်ကြီး မပြုတ်ခင် လုပ်ရဦးမယ်” ဆိုတဲ့ သဘော ၀န်ထမ်းတွေကို ပေါ်တင် ပြောဆိုတာ ဟာလည်း ယိုသူမရှက် မြင်သူရှက် ဖြစ်နေ ပါတယ်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဟာလည်း ငါ့ အမျိုးအတွက် မလုပ်ရဆိုတဲ့ စည်းကမ်း ချက်ကို ချိုးဖောက်ရာ ရောက်နေပြီး ဒီလူသတ်မှု ကိစ္စကို သူ့အမျိုးအတွက် ကာကွယ်ပေးခဲ့ပါတယ်။ အစွမ်းကုန် ထင်သလို လုပ်နေကြတဲ့ အာဏာရူးကြီးတွေရဲ့ လက်အောက်မှာ ပြည်သူလူထုရဲ့ ဘ၀ဟာ “နင်းပြား” ဖြစ်နေရ ပါတယ်။

ဒီလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကို စုံစမ်း ဖော်ထုတ်ခြင်း အရေးယူခြင်း တစုံတရာ မရှိတော့လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တဲ့ “တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး” ဆိုတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာ ဟာသတခု ဖြစ်နေရ ပါတယ်။ အခု ဒီဖြစ်စဉ်ကို ကြည့်ရင် တရားဥပဒေ အထက်မှာ ဗိုလ်မှူးကြီး စိုးရီ ရှိနေတယ်ဆိုတဲ့ အကြောင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို လက်တို့ပြီး ပြောပြလိုက်ချင် ပါတယ်။ ဗိုလ်မှူးကြီး စိုးရီနဲ့ မိသားစုကို တစ်စုံတရာ အပြစ်ပေးခြင်း၊ အရေးယူခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ ရာထူးနေရာ ပြောင်းရွေ့ခြင်းတောင် မရှိဘဲ သေသူက သေသွားပေမဲ့ သူတို့ မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင်ဘဲ ရှိနေကြ ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့ ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့်ဟာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသမီး အဖွဲ့ချုပ်က ပြဌာန်းထားတဲ့ အမျိုးသမီးများရဲ့ရပိုင်ခွင့်၊ နစ်နာနေသော အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေးဆိုတာ ဘာလဲလို့ ဒေါ်တင်လင်းမြင့်ကို မေးကြည့် ချင်ပါတယ်။ အိမ်ဖော် မိန်းကလေးကို မိမိဆွေမျိုးက ရက်စက်စွာ သတ်ဖြတ် ခဲ့မှုအပေါ် မသိကျိုးကျွံ ပြုပြီး ဖိအားပေး နှုတ်ပိတ်ခဲ့ကြလို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ ယနေ့ မြန်မာ့ အမျိုးသမီးထု တစ်ရပ်လုံးရဲ့  အားကိုး အားထားရာ အဖွဲ့အစည်း မဟုတ်ကြောင်း မီးမောင်းထိုးပြလို ပါတယ်။ ယခုလို အနှိမ်ခံ အိမ်ဖော်မိန်းကလေးရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်ကို ဖော်ထုတ်ရပ်တည်မှု ပျက်ကွက်တဲ့အတွက် နအဖ စစ်တပ် အရာရှိကြီးတွေရဲ့ အသိုင်းအ၀ိုင်းဟာ တရားဥပဒေနဲ့ အညီ ကျင့်ကြံ အုပ်ချုပ်နေတာ မဟုတ်ကြောင်းနဲ့ လူ့အခွင့် အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း သက်သေ သာဓကနဲ့ တင်ပြလိုက် ရပါတယ်။ ပိုပြီးရင်နာစရာ ကောင်းတာက အဲဒီအိမ်ဖော် ကလေးမဟာ (၁၀) တန်းအောင်ပြီး ကျောင်းဆက် မတက်နိုင်တာကြောင့် အလုပ်နေရာကောင်း တခုခု ရလိုရငြား အသိမိတ်ဆွေ တစ်ဦးရဲ့ဆက်သွယ် ပေးမှုကြောင့် ဗိုလ်မှူးကြီး စိုးရီအိမ်ကို ရောက်ရှိသွားခြင်း ဖြစ်ကြောင်းပါ ခင်ဗျား။ ယခုဆိုရင် လူငယ်တွေ အတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ဖြန့်ချီ ရောင်းဝယ်ရေး ပြုလုပ်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့သား အောင်ဇော်ရဲမြင့် ကိုတောင် ထိထိရောက်ရောက် အပြစ်မပေးဘဲ ပြောင်ပြောင်တင်းတင်း ကာကွယ်ပေးနေလို့ မင်းကျင့်တရား ဆယ်ပါးနဲ့ ညီညွှတ်အောင် မအုပ်ချုပ်တဲ့ ထိပ်ပိုင်း လက်တဆုပ်စာ ၀ိသမ လောဘသမား စစ်အာဏာရှင် အုပ်စုကို ပြည်သူလူထု တရပ်လုံး စည်းလုံးညီညွတ်စွာ ဖယ်ရှားပြီး အမိမြန်မာနိုင်ငံတော်အား ကယ်တင်ကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။